စစ်ကောင်စီတပ်က လူငယ် ၃ ဦးကို ပစ်သတ်ပြီး သေနတ်ဒဏ်ရာရထားသူကို ဖမ်းဆီးသွား

By ပါခွီး
27 September 2021
စစ်ကောင်စီတပ်က လူငယ် ၃ ဦးကို ပစ်သတ်ပြီး သေနတ်ဒဏ်ရာရထားသူကို ဖမ်းဆီးသွား

စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ဘန့်ဘွေးအုပ်စု ကံစုရွာအနီး တောပြင်ရှိ နေအိမ်တစ်လုံးတွင် ညကင်းစောင့်ပြီး အိပ်ပျော်နေကြသည့် လူငယ် သုံးဦးအား ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက် ၆နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်ပြီး ကျည်ထိဒဏ်ရာရထားသူ‌တစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

“သူတို့က အဲဒီတောပြင်က အိမ်မှာရှိတဲ့သူ‌တွေကိုသတ်ပြီး အိမ်ကို မီးရှို့လိုက်ကြတယ်။ နောက်ပြီး လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့ရမ်းပစ်တာ။ ပြီးတော့ အုပ်စု နှစ်ခုခွဲပြီး ရွာထဲကိုဝင်လာကြတယ်။ ရွာထဲကိုဝင်လာပြီး COVID-19 ရောဂါ နဲ့ပတ်သက်ပြီး ကူညီနေတဲ့အိမ်ကိုဝင်တယ် ။ ပိုးသတ်ဆေးတွေယူပြီး အိမ်ထဲက ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးကြတယ်ဗျ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူများမှာ ကိုစိုးနိုင်လင်း (၂၇)နှစ် (ဇနီးသည် ကိုယ်ဝန်ဖြင့်ကျန်ရစ်) ၊ ကိုစိုးနိုင်ထွန်း (၂၃)နှစ် (မုံရွာ တက္ကသိုလ် သင်္ချာနောက်ဆုံးနှစ်) နှင့် ဦးကျော် (၃၀)နှစ်တို့ဖြစ်ကြသည်။

သေဆုံးသူ ကိုစိုးနိုင်ထွန်း၏ ဖခင်အား ခြေထောက်ကျည်ထိမှန်ထားသည့် ဒဏ်ရာနှင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၊ လေးညှင်းတောင်ပေါ်တွင် အင်အား ၁၀၀ခန့် စခန်းချနေ သည့် စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်သည် ဘန့်ဘွေးအုပ်စု၊ ကံစုရွာအတွင်းသို့ ဝင်ရောက်လာပြီး ယခုကဲ့သို့ ပစ်ခတ် သတ်ဖြတ် မီးရှို့သွားခြင်းဖြစ်သည်။

”ကင်းပုန်းဝပ်ပြီး‌ စောင့်နေမှာကြောက်လို့ အခုထိအလောင်းတောင် မကောက်ရသေးဘူး ။ အခုလိုဖြစ်တာက ဒလန် သတင်းပေးကြောင့်လို့ထင်တာပဲ ။ လေးညှင်းတောင်ပေါ်မှာ စစ်ခွေးတွေ ရှိနေသမျှတော့ အနီးနားဘယ်ရွာမှ လုံခြုံကြမှာ မဟုတ်ဘူး။ အခု သက်ကြီးရွယ်အို ကလေးတွေနဲ့ တအားဒုက္ခရောက်နေတယ်”ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

အိမ်ခြေ ၂၀၀ကျော်ရှိသည့် ကံစုရွာသူရွာသားများမှာ နီးစပ်ရာတောထဲတွင် ပုန်းရှောင်နေရကြောင်းလည်းသိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required