တရုတ်၏ လွှမ်းမိုးမှု မြင့်တက်လာ‌သည့် ပါကစ္စတန်တွင် ၂၀၂၅ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံသား ၅ သန်းခန့် အလုပ်လာရောက် လုပ်ကိုင်မည်

တရုတ်၏ လွှမ်းမိုးမှု မြင့်တက်လာ‌သည့် ပါကစ္စတန်တွင် ၂၀၂၅ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံသား ၅ သန်းခန့် အလုပ်လာရောက် လုပ်ကိုင်မည်

တရုတ် အစိုးရ၏ လွှမ်းမိုးမှု မြင့်တက်လာသည့် ပါကစ္စတန်နိုင်ငံ၌ ၂၀၂၅ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံသား ၅ သန်းခန့် လာရောက် အလုပ်လုပ်ကိုင်လိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန် တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ပါကစ္စတန် ကျန်းမာရေးဌာန အကြီးတန်းအရရှိတစ်ဦးက The News International သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် လာရောက်အလုပ်လုပ်ကိုင်မည့် အဆိုပါ အလုပ်သမားများ၏ ကျန်းမာရေးလိုအပ်ချက်အတွက် တရုတ်-ပါကစ္စတန် ကျန်းမာရေးစင်္ကြံ (CPHC) အောက်ရှိ ပါကစ္စတန်နှင့် တရုတ်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် ဇီဝနည်းပညာတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှသာ ရရှိနိုင်မည်ဟု ပြောကြားခဲ့သည်။

ယင်းအခြေအနေသည် တရုတ်က ပါကစ္စတန်တွင် ပိုမိုခြေချနိုင်ရန် လုပ်ဆောင်ချက်ဖြစ်သည် လေ့လာသူများက သုံးသပ်သည်။

“ခေတ်မီဆေးပညာတွေအပြင် တရုတ်နိုင်ငံက ပြည်သူသန်းပေါင်းများစွာ ကုသမှုခံယူတဲ့ တရုတ်တိုင်းရင်းဆေးပညာတွေကိုလည်း ပါကစ္စတန်က ကျွမ်းကျင်သူတွေကို လေ့ကျင့်သင်ကြားပေး လိုပါတယ်” ဟု ကျန်းမာရေးစောင့်ရှောက်မှု အကယ်ဒမီ (HSA) ၏ ဒုတိယအကြီးအကဲ ပါမောက္ခ ဒေါက်တာရှာဟက်ဇ်အလီခန်းက အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဒီပညာရှင်တွေက လာရောက်မယ့် တရုတ်နိုင်ငံသားတွေကိုသာမကဘဲ အခြားဆေးဝါးကို ယုံကြည်တဲ့ ပါကစ္စတန်ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ခန်းက ပြောကြားသည်။

ပါကစ္စတန်တွင် တရုတ်၏ လွှမ်းမိုးမှု လျင်မြန်စွာ မြင့်တက်လာနေသလို တရုတ်လုပ်ငန်းများကို ပစ်မှတ်ထားသည့် ဘလိုချီစတန်လွတ်မြောက်ရေးတပ်ကဲ့သို့ အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှုအမျိုးမျိုးကို လုပ်ဆောင် နေချိန်တွင် ယခုအခြေအနေများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပါကစ္စတန်၌ လာရောက် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအပေါ် တိုက်ခိုက်မှုမှာလည်း မြင့်တက်လျက်ရှိသည်။ အုပ်စုတစ်ခုက ဧပြီလအတွင်း တရုတ်သံအမတ်ကြီးတည်းခိုနေ သည့် ခရိုင်ရှိ ဈေးအကြီးဆုံးဟိုတယ်တွင် ကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။

ဇူလိုင်လအတွင်းကလည်း ပါကစ္စတန်နိုင်ငံ၏ ဒက်စ်ရေအားလျှပ်စစ်ဆည်အနီးတွင် တရုတ်နိုင်ငံသား ၉ ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် တရုတ်အစိုးရက တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံအကောင်အထည်ဖော်ခြင်းကို ရပ်ဆိုင်းခဲ့သည်။

ဘလိုချီစတန်ပြည်နယ်၊ ဂဝါဒါမြို့အနီး အရှေ့ပင်လယ်အော် အမြန်လမ်းမအနီးတွင် တရုတ်နိုင်ငံသားများကို တင်ဆောင်လာသည့် ယာဉ်တစ်စီးအား ပစ်မှတ်ထား အသေခံ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦး သေဆုံးကာ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ အဆင့်အသီးသီးမှ သက်ဆိုင်ရာ ဌာနများအနေဖြင့် လက်တွေ့ကျ၍ ထိရောက်သော အစီအစဉ်များဖြင့် လုံခြုံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly