တရုတ်၏ စစ်‌ရေးလေ့ကျင့်မှုကို လေ့လာအကဲဖြတ်ပြီး အပြည့်အဝ သိရှိထားခဲ့ဟု ထိုင်ဝမ် ပြော

By Zee5
24 September 2021
တရုတ်၏ စစ်‌ရေးလေ့ကျင့်မှုကို လေ့လာအကဲဖြတ်ပြီး အပြည့်အဝ သိရှိထားခဲ့ဟု ထိုင်ဝမ် ပြော

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က ထိုင်ဝမ်ကျွန်း၏ အနောက်တောင်ဘက် ကမ်းရိုးတန်း ပြင်ပ ပင်လယ်ပြင်တွင် တရုတ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး မိမိတို့ဘက်က “စေ့စေ့စပ်စပ် အကဲဖြတ်ကာ အပြည့်အဝ နားလည်သဘောပေါက်သိရှိထား” ခဲ့ကြောင်း ထိုင်ဝမ်က စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှု၊ ထိုင်ဝမ်တို့ ရင်ဆိုင်နေရသည့် ဖြစ်နိုင်ခြေရှိ လုံခြုံရေး ခြိမ်းခြောက်မှုနှင့် ဒေသတွင်း အခြေအနေတို့နှင့်ပတ်သက်ပြီး “နှံ့စပ်စွာ နားလည်သဘောပေါက်ပြီး၊ အကဲဖြတ်မှု လုပ်ထား” သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြောင်း Focus Taiwan က ကိုးကားဖော်ပြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ် (PLA) ၏ အရှေ့ပိုင်း စစ်နယ်ဝန်း စစ်တိုင်းက ယင်းသည် ထိုင်ဝမ်၏ အနောက်တောင်ဘက်ရှိ ရေပြင်နှင့် ဝေဟင်တွင် ပူးတွဲ ကင်းလှည့်မှုနှင့် တိုက်ခိုက်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ရန် ရေတပ်နှင့် လေတပ်တို့ကို စေလွှတ်ခဲ့ကြောင်း ပြောခဲ့သည်။

ယင်းသည် ထိုင်ဝမ် ရေလက်ကြားကို အမေရိကန် စစ်သင်္ဘောတစ်စင်း ဖြတ်သန်းသွားလာပြီးနောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် စစ်သင်္ဘောတစ်စင်းဖြစ်သည့် Arleigh Burke အတန်းအစား ပဲ့ထိန်းတပ်ဒုံး ဖျက်သင်္ဘော USS Barry သည် ၁၈၀ ကီလိုမီတာ ကျယ်သည့် ရေကြောင်းကနေ ဖြတ်သန်းခုတ်မောင်းခဲ့ကြောင်း အမေရိကန် အမှတ် ၇ ရေယာဥ်စုက ထုတ်ပြန်သည်။

အလားတူ ထိုင်ဝမ်က ယင်း၏ တစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ဟန်ကွမ်း စစ်ရေးလေ့ကျင့်မှုကို အပြီးသတ်ခဲ့သည့်နေ့နှင့် ထိုင်ဝမ် ရေလက်ကြားကို အမေရိကန် စစ်သင်္ဘောတစ်စင်း ဖြတ်သန်းသွားလာခဲ့သည့်နေ့ တစ်နေ့တည်းမှာပင် တရုတ်၏ စစ်ရေး‌လေ့ကျင့်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်စစ်တပ်သည် MND (အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန) တပ်ဖွဲ့ခွဲများ အားလုံး ပါဝင်သည့် ငါးရက်ကြာ စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာ ၁၇ ရက်တွင် အပြီးသတ်ခဲ့သည်။ ထို စစ်ရေးလေ့ကျင့်မှုများသည် ဖြစ်နိုင်ခြေရှိ တရုတ်၏ ကျူးကျော်မှုတစ်ရပ်နှင့် ရင်ဆိုင်ရစဥ် ထိုင်ဝမ်၏ တိုက်ခိုက်ရေးဆိုင်ရာ အသင့်ရှိမှုကို စမ်းသပ်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။

ယင်းအပြင် PLA လေယာဥ် ၁၀ စင်းသည် စက်တင်ဘာ ၁၇ ရက်က ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ထဲ ပျံသန်းခဲ့သည်ဟု MND က ထုတ်ပြန်သည်။ ထိုင်ဝမ် လေတပ်ကလည်း အဆိုပါ တရုတ်လေယာဥ်များကို စောင့်ကြည့်ရန် လေယာဥ်များ ပျံတက်စေခြင်း၊ ရေဒီယိုသတိပေးချက်များ ထုတ်လွှတ်စေခြင်းနှင့် လေကြောင်းရန် ကာကွယ်မှုစနစ်များ အသင့်ပြင်ခြင်း တို့ကို လုပ်ဆောင်ပြီး တုံ့ပြန်ဆောင်ရွက်ခဲ့သည်ဟုလည်း သိရသည်။

တရုတ်ပြည်မကြီး၏ အရှေ့တောင် ကမ်းရိုးတန်း ပြင်ပတွင် တည်ရှိပြီး လူဦးရေ ၂၄ သန်းနီးပါးဖြင့် ဒီမိုကရေစီကျင့်သုံးသည့် ထိုင်ဝမ်ကို အချုပ်အချာ အပြည့်အဝ ပိုင်ကြောင်း ပေကျင်းက ပြောထားသည်။ သို့သော် နှစ်ဘက်စလုံးသည် ဆယ်စုနှစ်ခုနစ်စုကျော်ကြာ သီးခြားစီ အုပ်ချုပ်ထားခဲ့သည်။

အခြားတစ်ဘက်တွင် ထိုင်ဝမ်သည်လည်း အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့်အကြား မဟာဗျူဟာကျ ပတ်သက်ဆက်ဆံမှုများကို တိုးမြှင့်လုပ်ဆောင်ရင်း တရုတ်၏ ရန်လိုမှုကို တန်ပြန်ထားခဲ့သည်။ ယင်းကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့်အကြား တိုးမြှင့်ဆက်ဆံမှုအပေါ် ပေကျင်းက ထပ်တလဲလဲ ဆန့်ကျင်ထားသည်။ ‘ထိုင်ဝမ်၏ လွတ်လပ်ရေး’ က စစ်ပွဲဟု အဓိပ္ပါယ် ရှိကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

ဇွန်လ ၁ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်က ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်နှင့် အပြည့်အဝ ပြန်လည်ပေါင်းစည်းသွားမည်ဟု ကတိပြုခဲ့သလို ထိုင်ဝမ်ကျွန်းအတွက် တရားဝင်လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းသွားမည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly