သြစတြေးလျအရှေ့တောင်ပိုင်းမှာ ကြုံတောင့်ကြုံခဲ ငလျင်လှုပ်မှုကြောင့် ဒေသခံတွေ ထိတ်လန့်တကြား ဖြစ်ခဲ့

သြစတြေးလျအရှေ့တောင်ပိုင်းမှာ ကြုံတောင့်ကြုံခဲ ငလျင်လှုပ်မှုကြောင့် ဒေသခံတွေ ထိတ်လန့်တကြား ဖြစ်ခဲ့
Photo - AFP

စက်တင်ဘာ ၂၂

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းမှာ စက်တင်ဘာ ၂၂ ရက် အစောပိုင်းက ကြုံတောင့်ကြုံခဲ ငလျင်တစ်ခု လှုပ်ခဲ့ရာမှာ အဆောက်အအုံ လှုပ်ရမ်းပြီး နံရံတွေ ပြိုကျကာ မဲလ်ဘုန်းမြို့ ဒေသခံတွေ လမ်းတွေပေါ် အလန့်တကြား ပြေးထွက်ခဲ့ကြရပါတယ်။

အဆိုပါ ငလျင်ဟာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ရဲ့ အရှေ့ဘက်နားမှာ လှုပ်ခဲ့တာ ဖြစ်ပြီး ယင်းကနေ ကီလိုမီတာ ရာချီ ဝေးကွာတဲ့ ဧရိယာတွေကနေပါ ခံစားသိရှိခဲ့ပါတယ်။

အမေရိကန် ဘူမိလေ့လာမှုဌာနက အဆိုပါ ငလျင်ရဲ့ ပြင်းအားကို မူလက ၅.၈ အဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနောက် ၅.၉ အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ ငလျင်ဟာ မြေအောက် အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မဲလ်ဘုန်းမြို့ရဲ့ ချာပယ်လ် လမ်းဝန်းကျင်ရှိ ပေါ်ပြူလာ ဈေးဝယ်ဧရိယာရဲ့ လမ်းတွေပေါ် အုတ်အကျိုးအပဲ့တွေ ပြန့်ကျဲနေတာကို တွေ့ခဲ့ရပါတယ်။

ငလျင်လှုပ်ချိန်မှာ ၎င်းဟာ လမ်းပေါ် ပြေးထွက်ခဲ့မိတယ်လို့ မဲလ်ဘုန်းမြို့က Oppen ကော်ဖီဆိုင် ပိုင်ရှင် အသက် ၃၃ နှစ်ရှိ ဇူမီ ဖင်းမ်က ပြောပါတယ်။

“အဆောက်အအုံကြီးတစ်ခုလုံး လှုပ်ရမ်းနေခဲ့တယ်၊ ပြတင်းပေါက်တွေအားလုံးလည်း လှုပ်နေခဲ့တယ်” လို့ ၎င်းက ပြောပါတယ်။

“ဒါမျိုး အရင်က တခါမှ မကြုံဖူးပါဘူး၊ နည်းနည်းတော့ ကြောက်စရာ ကောင်းပါတယ်” လို့လည်း ၎င်းက ပြောပါတယ်။

သြစတြေးလျရဲ့ လူနေထူထပ်တဲ့ အရှေ့တောင်ပိုင်းမှာ ခုလို ပြင်းအား အတော်အတန်ကြီးမားတဲ့ ငလျင် လှုပ်မှုမျိုးဟာ ဖြစ်နေကျ မဟုတ်ဘဲ ရှားပါးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly