မန်း၀န်ချုပ်အမှု စွဲချက်အမိန့် ပယ်ဖျက်/မဖျက် ခရိုင်တရားရုံးက အပြီးသတ် အမိန့်ချမှတ်မည်

မန်း၀န်ချုပ်အမှု စွဲချက်အမိန့် ပယ်ဖျက်/မဖျက် ခရိုင်တရားရုံးက အပြီးသတ် အမိန့်ချမှတ်မည်

စက်တင်ဘာ ၂၂

အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားသော ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံထားရသော မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုများအတွက် စွဲချက်အမိန့် ပယ်ဖျက်/မဖျက် ကို မန္တလေးခရိုင်တရားရုံးက စက်တင်ဘာ ၂၄ ရက်တွင် အပြီးသတ် အမိန့်ချမှတ်သွားမည်ဟု သူ၏ရှေ့နေ ဦးကျော်ညွှန့်က မဇ္ဈိမကို ပြောသည်။

အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာ ခံစားနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ၀န်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား စစ်ကောင်စီက ဆူပူစေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)အပြင် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ၂၅/၃၀ တို့ဖြင့် တရားစွဲဆိုထားရာမှ စွဲချက်တင်အမိန့် ချမှတ်ခံထားရခြင်းဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်တွင် စွဲချက်အမိန့်အား ခရိုင်တရားရုံးက ပယ်ဖျက်သည်ဆိုပါက ဒေါက်တာဇော်မြင့်မောင် အနေဖြင့် အမှုမှတရားရှင် လွတ်မြောက်မည်ဖြစ်ပြီး၊ မပယ်ဖျက်ဘဲ အတည်ပြုပါက မြို့နယ်တရားရုံး (မူလတရားရုံး) တွင် အမှုအား ပြန်လည်ရင်ဆိုင်သွားရမည်ဖြစ်သည်။

"ပယ်ဖျက်လိုက်တယ် ဆိုရင်တော့ လွတ်ပြီပေါ့ဗျာ။ မပယ်ဖျက်ဘဲ စွဲချက်အမိန့်ကို အတည်ပြုတယ်ဆိုရင်တော့ စွဲချက်အမိန့်ချတဲ့ မြို့နယ်တရားရုံးမှာ အမှုကိုဆက်စစ်ဆေးမှာပါ။ အဲဒီအခါကျရင် တရားလိုဘက်က သက်သေတွေကို ပြန်ခေါ်ပြီး ထပ်စစ်ဆေးရမှာပေါ့ဗျာ " ဟု ရှေ့နေက ပြောသည်။

ဒေါက်တာဇော်မြင့်မောင်အား အဆိုပါပုဒ်မ နှစ်ခုဖြင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံးက စွဲချက်တင်ကြောင်း အမိန့်ချမှတ်ထားရာ ၄င်း၏ရှေ့နေ က အမှုများနှင့်ပတ်သက်၍ စွဲဆိုချက်မမြောက်ကြောင်း ယူဆသဖြင့် စက်တင်ဘာ ၁၃ ရက်တွင် ခရိုင်တရားရုံးသို့ စွဲချက်အမိန့်အား ပယ်ဖျက်ပေးရန် ပြင်ဆင်ချက် လျှောက်ထားခဲ့သည်။

စွဲချက်အမိန့် အား ပယ်ဖျက်သင့်/မဖျက်သင့်အတွက် စက်တင်ဘာ ၂၀ ရက်တွင် အောင်မြေသာစံမြို့နယ် ခရိုင်တရားရုံးက အမိန့်ချမှတ်ရမည်ဖြစ်သော်လည်း စက်တင်ဘာ ၂၄ ရက်သို့ ထပ်မံချိန်းဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်ကို ပုဒ်မ ၅၀၅(ခ)အတွက် မန္တလေးတိုင်းဒေသကြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်က တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅/ ၃၀ အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒုတိယ မြို့နယ်မှူး ဦးစိုးမြင့်အောင် က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် ကင်ဆာဆေးများကိုလည်း အကျဉ်းထောင်အတွင်း ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့် ဆေးသွင်းနေရသူဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက ၎င်းအား ဖေဖော်ဝါရီလကတည်းက ဖမ်းဆီး သွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required