ဒီမိုကရေစီကို ယုံကြည်သော မျိုးချစ်တပ်မတော်သားများ ယ္ခုလက်ရှိ မြန်မာ့တပ်မတော်အတွင်း၌ မည်ကဲ့သို့ ဆက်လက်ရှင်သန်နေနိုင်မည်နည်းဆိုလျှင်...။

By Tun MYINT & James C. Scott
22 September 2021
ဒီမိုကရေစီကို ယုံကြည်သော မျိုးချစ်တပ်မတော်သားများ ယ္ခုလက်ရှိ မြန်မာ့တပ်မတော်အတွင်း၌ မည်ကဲ့သို့ ဆက်လက်ရှင်သန်နေနိုင်မည်နည်းဆိုလျှင်...။

စက်တင်ဘာ ၂၂

ယခုလက်ရှိမြန်မာ့တပ်မတော်၏ စစ်သားများသည် အလွန်ဆိုးရွားသော စိတ်အကျပ်တည်းရိုက်ခိုက်မှုကို ရင်ဆိုင်ခံစားနေရသည်ဟု ဆိုရလျှင် မှားမည်မဟုတ်ပေ။ လက်ရှိတိုင်းပြည်ကို စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေ သော စစ်ဗိုလ်ချုပ်များသည်မြန်မာပြည်သူ တို့နှင့်မြန်မာနိုင်ငံ၏ဒီမိုကရေစီ အနာဂတ်ကို သစ္စာဖောက်ခဲ့ ပြီဟု တပ်မတော်သားအများစုက သိပါသည်။ တိုင်းရင်းသားလူမျိုးစုအများ ရာစုနှစ်တစ်ဝက်ကျော်ကြာ ခံစားခဲ့ရသည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကို ယခုအခါ မြို့ပြအရပ်သားများနှင့် ကျေလက်ဒေသနေ ဗမာလူမျိုးများကိုယ်တိုင်က တွေ့ကြုံခံစားနေရလေသည်။ မြန်မာစစ်သားများအနေဖြင့် အေးချမ်းစွာနေထိုင်သော အရပ်သားများကို ယင်း တို့၏ အထက်မှ ဗိုလ်ချုပ်များ၏ အမိန့် အရ ဖမ်းဆီး၊လုယက်၊သတ်ဖြတ်ကာ ရွာများကို မီးရှို့ ဖျက်ဆီး နေခြင်းသည် ယင်းတို့ ကိုယ်တိုင် ကတိပြုထားသော ပြည်သူလူထုနှင့် လွတ်လပ်သောအသင်းအဖွဲ့ကြီးများကို အကာအကွယ်ပေးရမည့် စစ်တပ် (တပ်မတော်) ၏ တာဝန်ကို တိုက်ရိုက်ဆန့်ကျင်ရာ ရောက်ကြပေသည်။ 

ယ္ခုကဲ့သို့သော အခက်အခဲကို ကျော်ဖြတ် ရန် မြန့်မာ့တပ်မတော်သားများ ဘာလုပ်ကြ မည်နည်း။ ရဲရင့်သော ရဲဘော်အချို့သည် အာဏာရှင်၏ မတရားသောအမိန့်ကို ဆန့်ကျင်သည့် ‘ရုံးမတက်နဲ့၊ ရုန်းထွက်’ဟုဆိုသည့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင်ပါဝင်လာကြသည်။  စစ်အာဏာရှင်စနစ်အောက်မှ တိမ်းရှောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံသို့ (PDF) ဝင်ရောက်လာသည့် စစ်သားများလည်း ရှိပါသည်။ CDM အဖွဲ့များ၏အဆိုအရ ပြည်သူ့ရဲနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် တစ်ထောင်ကျော်သည် CDM သို့ ၀င်ရောက်ခဲ့သည်ဟုသိရပါသည်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း တိမ်းရှောင်လာသော စစ်သားများအား ငွေသားဆုချခြင်းနှင့် လုံခြုံသောနေရာများ ဖန်တီးပေးခြင်းဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် တိုက်တွန်းလှုံ့ဆော်ခဲ့သည်။

ယင်းစစ်သည်တော်တို့၏ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များသည် မြန်မာမိဘအများစု သွန်သင်ဆုံးမလေ့ရှိသည့်အတိုင်း ကောင်းသောနိုင်ငံသားများဖြစ်ရန်နှင့် နောင်ဘ၀အတွက် မကောင်းသောအကုသိုလ်များကို မွေးမြူခြင်းမှ ရှောင်ကြဉ်ရန်ဆိုသည့် ဆုံးမသြဝါဒများကို လိုက်နာသည့်သဘောပင်ဖြစ်သည်။ စစ်ဖက်ခေါင်းဆောင်ကြီးများ၏ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ် ရန် အမိန့်ကို မလိုက်နာဘဲ တပ်မှ  တိမ်းရှောင်ထွက်ပြေးခြင်းသည်စစ်ဖက်ခေါင်းဆောင်များ မြင်သကဲ့သို့တပ်ပြေးများ ဖြစ်မည် မဟုတ်သည့်အပြင် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ကာ စစ်မှုထမ်းဖို့ စစ်တပ်ထဲ  ဝင်လာ စဉ်က ၀န်ခံကတိပြုခဲ့သည့် ကျင့်ဝတ်ကို လိုက်နာခြင်းသာ ဖြစ်ပါသည်။

အချို့တပ်မတော်သားများသည် ပုန်းရှောင်သွားကြပြီး အချို့မှာ တတိယနိုင်ငံများသို့ ထွက်ပြေးသွားကြသည်။ မည်သည့်နည်းဖြင့် စစ်တပ်မှ ထွက်သည်ဖြစ်ပါစေ ထိုသို့လုပ်ခြင်းသည်ပြည်သူ့များအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများတွင် ပါ၀င်ရန် ငြင်းဆန်သော မျိုးချစ်လုပ်ရပ်များ ဖြစ်သည်။ ယင်း တို့သည် စစ်ဗိုလ်ချုပ်များ ထင်မြင်သကဲ့သို့ စစ်ပြေးဒုက္ခသည်များ မဟုတ်၊ လွတ်လပ်သော လူများအပေါ် သစ္စာရှိမှုနှင့် ဒီမိုကရေစီစနစ်ရှင်သန်ရေး၏ သန့်ရှင်းမှုတို့အတွက် သူရဲကောင်းဆန်သော ဆုံးဖြတ်ချက်များသာ ဖြစ်သည်။

မြန်မာ့တပ်မတော်သားများအနေနှင့် အကုသိုလ်မပွားများလိုပါက ရှောင်ရှားရွေးချယ်ရန် နည်းလမ်းနှစ်ခုရှိသည်။ ပထမနည်းလမ်းမှာ အခွင့်အရေး ကြုံလာပါက ဖြစ်နိုင်လျှင် စစ်တပ်ရဲစစခန်းများမှ ထွက်ပြေးတိမ်းရှောင်ပြီး Civil Disobedience Movement (CDM) တွင် ပါဝင်ရန်ဖြစ်သည်။ ဒုတိယနည်းလမ်း သည် တပ်ဖက်အရာရှိများ၏ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အရပ်သားများအား သတ်ဖြတ်ရန် အမိန့်များကို အကောင်အထည်ဖေါ်ရာ၌ အတတ်နိုင်ဆုံး ရရာနည်းလမ်းများဖြင့် နှေးကွေးအောင် အချိန်ဆွဲပြီး အဆိုပါ အမိန့်များ မထိရောက်အောင် (သို့မဟုတ်) ရပ်တန့်ပစ် နိုင်အောင်နည်းလမ်းများ ရှာဖွေရန် ဖြစ်သည်။ ပြည်သူ့အသက်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို တပ်ဖက်အရာရှိများ၏ အမိန့်အရ ဖျက်ဆီးခြင်းမှ ရှောင်ကျဉ်ခြင်းသည် လူ့ကျင့်ဝတ်နှင့်ညီသော သိက္ခာရှိသည့် လုပ်ရပ်တစ်ခုဖြစ်သကဲ့သို့ မိမိအနေဖြင့် စစ်တပ်ခေါင်းဆောင်များအား မလိုလားအပ်သော ဖျက်ဆီးခြင်းနှင့် အရပ်သားများအား သတ်ဖြတ်ခြင်းများ မပြုရန် ဟန့်တားခြင်းသည် စေတနာမြင့်မြတ်၍ သိက္ခာရှိသော ကျင့်ဝတ်တစ်ခုဖြစ်သည်။ တစ်စုံတစ်ဦး၏ မကောင်းသော အကျင့်လုပ်ရပ်များကို ထိုသူ မကျူးလွန်ဖြစ်အောင် ဟန့်တားနိုင်ခြင်းသည် ထိုသူကို ကူညီရာရောက်ပေသည်။ ထိုသို့အကူအညီပေးနိုင်ခြင်းသည် ဗုဒ္ဓဘာသာ မြန်မာအများ ယုံကြည်ထားသည့် သူတပါး၏ နောင်ဘဝကံကို ကောင်းမွန်အောင် ဖေးမကူညီမှုတစ်ခုပင် ဖြစ်ပေသည်။ ယ္ခုအချိန်အခါတွင် မြန်မာနိုင်ငံသားများ နားလည်သဘောပေါက်သည့်ပုံစံအတိုင်းပင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖြုတ်ချရေးသည် ဓမ္မ နှင့် အဓမ္မ၊ တရားမှု နှင့် မတရားမှုတို့ ရင်ဆိုင် ရသည့် မြန်မာ့သမိုင်းဝင် ထူးခြားသည့် တိုက်ပွဲဖြစ်ပေသည်။ ထို့ကြောင့်   ရက်စက်ကြမ်းကြုတ်မှုမျိုးစုံကို ကျူးလွန်တော့မည့် စစ်အာဏာရှင်လူရမ်းကားများထံမှ လက်နက်များကို သိမ်းဆည်းခြင်းသည် ကျူးလွန်ခံရမည့်ပြည်သူများကို ကာကွယ်ကူညီရုံ သာမက မတရားမှုဆောင်ရွက်မည့် စစ်အာဏာရှင်များအားလည်း မတရားမှုလုပ်ဆောင်ခြင်းမှ ဖယ်ရှားပေးရာရောက်သည်။ 

သို့သော် တပ်မတော်သား အများစုအတွက် အထက်ပါ ရွေးချယ် ရမည့်လမ်း များမှာ အ လွန် အန္တရာယ်များပုံ ရပါသည်။ စစ်တပ်မှ ရုန်းကန်ထွက်ခွာသွားသော စစ်သားများသည် စစ်ဆေးတွေ့ရှိပါက ပြစ်တင်ရှုံ့ချပြီးနောက် ထောင်ချခြင်း (သို့) သတ်ဖြတ်ခြင်းများပါ ခံရနိုင်သည်။ သူတို့ အဖို့ ဘဝ နှင့်အသက်မွေးဝမ်းကျောင်းမှု များ ပျက်စီးကြရမည့်နည်းတူ ထိခိုက်ပျက်စီးကြရမည့်မိသားစုများ အပြစ်ပေးခံရနိုင်သော  စစ်တပ်ထဲ ကျန်ရစ်ခဲ့မည့် ညီအစ်ကိုမောင်နှမနှင့် မိဘများလည်း ရှိနိုင်ပါ သည်။ သီးခြားကမ္ဘာတစ်ခုသဖွယ် မြန်မာ့တပ်မတော်ထဲတွင် မိသားစုလိုက် တစ်သက်လုံး ကြီးပြင်းလာခဲသူတို့အတွက် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပင်စင်လစာ၊ ဥစ္စာဓနနှင့် လူနေမှုအဆင့်အတန်းကို အာမခံပေးထားသည့်မြန်မာ့တပ်မတော်ထဲက ထွက်ပြီး ဘဝသစ်ပြောင်းရမည်ဆိုပါက သူတို့မိသားစုများမှာ  လက်ရှိအခြေအနေထက် ဆင်းရဲမွဲတေပြီး ခိုကိုးရာမဲ့ဘဝ ရောက်သွား လိမ့်မည်ဟု စဥ်းစားစိုးရိမ်မှု များ ရှိနိင်ပါသည်။ ယ္ခုကဲ့သို့ တွေးပြီး သူတို့သည် နောက်ဆက်တွဲ အန္တရာယ်ကို ရင်ဆိုင်ရဲနိုင်ကြမည် မဟုတ်ပေ။

ဤသို့ဆိုလျှင် တပ်တွင်းရှိ တပ်မတော်သားများအနေဖြင့် ယင်းတို့ကာကွယ်စောင့်ရှောက်ရန် သစ္စာဆို ကတိပြုထားသည့် မိဘပြည်သူများအား အကြမ်းဖက်ခြင်းနှင့် ဖိနှိပ်မှုများတွင် ပါ၀င်ခြင်းမှရှောင်ကျဥ်ရန် ဘာလုပ်နိုင်မည်နည်းဟု မေးစရာရှိလာသည်။ စစ်တပ်အတွင်း ပိတ်မိနေသော တပ်တွင်းရှိ တပ်မတော်သားများအနေဖြင့် သူတို့ကိုယ်တိုင်အတွက် မကောင်းသော အကုသိုလ်တရားများ ပျိုးထောင်ပြုလုပ်ခြင်းမှ ရှောင်ရှားရန် နည်းလမ်းများရှိပါသေးသလားဟု မေးသင့်ပါသည်။ သိပ်ရှိပါသည်။ မျိုးချစ်တပ်မတော်သားများသည် စစ်ယူနီဖောင်းဝတ်၍ တာဝန်များထမ်းဆောင်နေစဉ် စစ်အာဏာရှင် ပပျောက်ရေး ပြည်သူ့လှုပ်ရှားမှုကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ တပ်မတော် ခေါင်းဆောင်များ၏ အမိန့်ရ အကောင်အထည်ဖော် လုပ်ဆောင်ရမည့်လုပ်ရပ်များ အကောင်အထည် မပေါ်အောင် တိတ်တိတ်ဆိတ်ဆိတ် ဟန့်တားသည့် လုံခြုံသော အာဏာဖီဆန်ခုခံခြင်းကို စဉ်းစားတွေးခေါ် လေ့ကျင့်လုပ်ဆောင်ရန် ဖြစ်သည်။ သာမန်စစ်သားများသည် သူတို့၏အသိစိတ်နှင့် သူတို့၏သေခြင်းတရား တို့ကြား တင်းတင်း ကြပ်ကြပ် နေရသောအခါ သေခြင်းတရားကိုကြောက်ရွံ့ခြင်းက သူတို့ကိုယ်တိုင်၏ ဘဝကို ဆုတ်ယုတ်စေသည်ဟု အမြင်မှန် ရကာ မိမိဝိဉာဥ်ကိုသာ အသိပေးပြီး လက်တွေ့ကျင့်သုံးခဲ့သည့် တိတ်တဆိတ်တော်လှန်ရေးများ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်  ရှိခဲ့ဖူးသည်။ ယင်းကို တိတ်တခိုး မျိုးချစ်စိတ်ဓာတ်ဟု ခေါ်သည်။ ယင်းသည် မိမိကိုယ်တိုင် မတရားအကြမ်းဖက်မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်နှင့် ရာပေါင်းများစွာသော သေးငယ်သည့်နည်းလမ်းများကို သုံးပြီး၊ စစ်တပ်၏လုယက်မှုနှင့် ဖိနှိပ်မှုကို တားဆီးရန် ရည်ရွယ်သည်။

အရေးမပါ အရာမရောက် သေးငယ်သည့် အပြုအမူများဟု အပေါ်ယံထင်မြင်နိင်မည့် လုပ်ရပ်များသည် ဖိနှိပ်မှုများ၏ ရက်စက်ကြမ်းကြုတ်မှုများအား အင်အားတစ်ထောင် ဖြတ်တောက်မှုများဖြင့် လျော့ပါးပပျောက်သွားစေသောကြေင့် ကျယ်ပြန့်သော လူမှုလှုပ်ရှားမှုတစ်ခု ဖြစ်လာစေရန် ကိုယ်တွင်းသိ မျိုးချစ်တပ်မတော်သားများတစ်ဦးချင်းက အချိန်နှင့်အမျှ ထည့်သွင်းစဉ်းစားလုပ်ဆောင်နိုင်သည်။ ဥပမာအားဖြင့် ဆန္ဒပြသူများအား အမိန့်အရ ပစ်ရမည်ဆိုလျှင် လက်နက်များဖြင့် တမင် ရည်ရွယ်၍ချော်ပစ်ခြင်း စသည်ဖြင့် အာဏာဖီဆန်မှုပုံစံ အမျိုးမျိုးကို လုပ်နိုင်သည်။ လိပ်စာမှားဖတ်ခြင်း၊ ဖမ်းဆီးရန်လမ်းကြောင်း မှားယူခြင်း၊ စစ်ဆင်ရေးတစ်ခု နောက်ကျမှ ရောက်ရှိလာခြင်း စသည့် စဉ်းစားလုပ်ဆောင်မှုတို့ကြောင့် ရည်ရွယ်ထားသော ကျူးလွန်ခံရမည့်သူများသည် ထွက်ပြေးတိမ်းရှောင်ရန် အခွင့်အလမ်း ရှိပေသည်။ ဖျားနာဟန်ဆောင်ခြင်း၊ လက်နက်များနှင့်ယာဉ်များကို ပျက်စီးသယောင် လုပ်ထားခြင်း၊ စစ်တပ်မှ လုယက်မှုများနှင့် မီးရှို့မှုများတွင် မပါ၀င်ဘဲ နည်းလမ်းများစွာဖြင့် ရည်ရွယ်ချက်လွဲမှားအောင် အမိန့်ပေးခြင်းစသည့် အသေးစား အာဏာဖီဆန်မှုများ လုပ်ကြသည်။ ယင်းလုပ်ရပ်များသည် ဖိနှိပ်မှုကိုလျှော့ချရန်၊ အသက်ကို ကယ်တင်ရန် လှည့်စားနိုင်သော အသိဉာဏ်ကို ပံ့ပိုးပေးခြင်း၊ သူတို့၏အထက်လူကြီးများထံမှ ခိုင်းစေသည့်အလုပ်များ နှောင့်နှေးစေခြင်း၊ တုံ့ပြန်အကြောင်းကြားမှုကို နှောင့်နှေးစေခြင်းနှင့် စသည်ဖြင့် အကြိမ်ရေမတွက်နိုင်အောင် ad infinitum တိတ်တဆိတ် မိမိ၏တကိုယ်ရည်ပီတိအပြည့်ဖြင့် လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ သမိုင်းဥပမာအားဖြင့် ဗီယက်နမ်တောင်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် တောင်ဗီယက်နမ်အစိုးရတပ်များနှင့် ဗီယက်ကွန်တို့အကြား သွေးထွက်သံယိုမှုအနည်းငယ်သာရှိအောင် နှစ်ဖက်လုံးမှ သာမန်စစ်သားများက တိတ်တဆိတ် အာဏာဖီဆန်မှုများ ရှိခဲ့သည်။ အစိုးရတပ်များ ထိုးစစ်ဆင်ရန် အမိန့်ပေးသည့်အခါတိုင်း ယင်းတို့သည် ဗီယက်ကွန် Viet Cong တို့အား ယာယီဆုတ်ခွာနိုင်ရန် ကြိုတင်သတင်းပေးသိရှိစေခဲ့သည်။ အပြန်အလှန်အားဖြင့် ဗီယက်ကွန်တို့သည် အစိုးရတပ်များ ချထားသော ပြည်နယ်မြို့များကို တိုက်ရိုက်မတိုက်ခိုက်ချေ။ ပြည်တွင်းစစ်သည် စက္ကူပေါ်တွင် ဆက်လက်ရှိနေစဉ် ငြိမ်းချမ်းရေးကို de facto ကြေငြာခဲ့သ ကဲ့သို့ ဖြစ်ခဲ့သည်။

လူ့ဘ၀၌ တာဝန်နှင့်တာဝန်ဝတ္တရားများ လွဲမှားစွာ လုပ်ဆောင်ခြင်းအတွက် လူသိရှင်ကြား ဆုချီးမြှင့်ခံရခြင်းနှင့် ကိုယ်ကျင့်တရား လေးစားခံရမှုရှိသည့် အခွင့်အလမ်းများ ရှားပါးပါသည်။ ယ္ခုလက်ရှိမြန်မာ့တပ်မတော်အတွင်းရှိ စစ်မှန်သောမျိုးချစ်များအတွက် ဤရှားပါးသောအခွင့်အလမ်းသည် အချိန်ကိုက် ရယူနိုင်ပါက မိမိတို့၏သိက္ခာနှင့် အသက်ကို ကယ်တင်နိုင်ရုံသာမက မိမိတို့လေးစားသော လုပ်ဖေါ်ကိုင်ဖက်များနှင့် တပ်မတော် ခေါင်းဆောင်များအား မကောင်းမှုဒုစရိုက်များ အနည်းငယ်ကိုသာ ကျူးလွန်ဖြစ်ရန် ကူညီခြင်းအားဖြင့် သူတို့အား ကယ်တင်ရာလည်း သက်ရောက်ပေသည်။
  
တစ်ဖက်မှလည်း အာဏာရှင်စနစ်ကို ခုခံနေသူတို့၏ မဟာမိတ်များ၊ ယင်းတို့၏ပါတီဝင်များစွာနှင့် သူရဲကောင်းများစွာတို့သည် ရန်သူများ၏ယူနီဖောင်းကို မလွှဲမရှောင်သာ ၀တ်ဆင်နေရသည် ဟု အမြဲနားလည်ပေးရမည်။ သူတို့၏အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပျိုးထောင်ပြီး တန်ဖိုးထားရမည်။ ယင်းတို့သည် စုပေါင်း၍ ကောင်းသောလွတ်လပ်မှုကို ရှာဖွေခြင်းနှင့် ကောင်းမြတ်သော ကံကြမ္မာ ရှာဖွေခြင်းကို ကိုယ်စားပြုသည်။

(Tun Myint, Associate Professor and Chair of the Department of Political Science, Carleton College and James C. Scot a.k.a U Shwe Yoe, Sterling Professor of Political and co-Director of the Agrarian Studies Program. Yale University)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly