စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ပေါက်ကွဲမှုဖြစ်၊ ကလေးငယ်သေဆုံး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ပေါက်ကွဲမှုဖြစ်၊ ကလေးငယ်သေဆုံး

စက်တင်ဘာ ၂၁

ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနေအိမ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ကလေးငယ်တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်း

တနင်္သာရီတိုင်းဒေသကြီးတွင်းရှိ လောင်းလုံမြို့နယ်ရှိ သောကြာပြင်ကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်အရှေ့တွင်ပေါက်ကွမှုက ၎င်း၏တူမဖြစ်သူ အသက်ဆယ်နှစ်အရွယ်ကလေးငယ်သေဆုံးပြီး ဦးထွန်းမင်း၏ဇနီးဖြစ်သူလည်း ဒဏ်ရာရသွားသည်။

"အိမ်ရှေ့အဝမှာ ပေါက်တာ။ သူအိမ်က သီးသန့်လိုဖြစ်နေတာ။ ဘယ်လိုပေါက်တယ်ဆိုတာ သေချာတော့မသိရဘူး။ သေတာက သူ့တူမပါ။ အဲဒီကလေးက အဲဒီအိမ်မှာပဲနေတာ။ သူအမျိုးသမီးကို ထားဝယ်ဆေးရုံတင်ထားတယ်ပဲ သိရတယ် " ဟုဒေသခံ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် နေအိမ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းတို့ ဇနီးမောင်နှံ၊ ၎င်းတို့၏ သမီးဖြစ်သူ နှစ်ဦး နှင့် သေဆုံးသွားသည့် တူမဖြစ်သူ ကလေးငယ်တစ်ဦး စုစုပေါင်း ငါးဦးနေထိုင်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးဦးထွန်းမင်းသည် နေအိမ်တွင် နေထိုင်ခြင်းမရှိသည်မှာ သုံးလ ဝန်းကျင်ခန့်ရှိပြီးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက " လောင်းလုံမြို့နယ်ထဲက ခလရ(၁၀၄) မူလတန်းကျောင်းမှာ သူသမီးတစ်ဦးက ကျောင်းဆရာမ။ အခုလောလောဆယ် CDM လုပ်ထားတယ်လို့သိရတယ် " ဟု ပြောသည်။

လက်ရှိအချိန်တွင် လောင်းလုံမြို့နယ်အတွင်းရှိ နေရာအချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly