ထိုင်ဝမ်သို့ အမေရိကန် လက်နက်ရောင်းချ၍ သံတမန်အား တရုတ်က သမ္မန်ဆင့်ခေါ်

ထိုင်ဝမ်သို့ အမေရိကန် လက်နက်ရောင်းချ၍ သံတမန်အား တရုတ်က သမ္မန်ဆင့်ခေါ်

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ။            ။ ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံက စစ်သင်္ဘောနှစ်စင်း ရောင်းချမည်ဟု ကြေညာလိုက်ခြင်းကို ကန့်ကွက်သည့် အနေဖြင့် အကြီးတန်း အမေရိကန်သံတမန်အား တရုတ်က ဆင့်ခေါ်လိုက်သည်။

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zheng Zeguang က သံခင်းတမန်ခင်းရေးရာ သံအမတ်ကြီးအဆင့်ရှိသူ Kaye Lee အား သမ္မန်ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ဖော်ပြသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်က ကျွန်းများတည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး တင်းမာမှုများ ရှိနေစဉ် အဆိုပါ ဒေါ်လာ ၁ ဒသမ ၈၃ ဘီလီယံဖိုး လက်နက်အရောင်းအဝယ် သဘောတူညီမှု   ပေါ်ပေါက်လာခြင်းဖြစ်သည်။

အမေရိကန်၏ လက်နက်ရောင်းချခြင်းသည် ကာကွယ်ရေးစွမ်းရည် လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးခြင်းအဖြစ် အမေရိကန်အား ကျေးဇူးတင်ကြောင်း ထိုင်ဝမ်က ဖော်ပြခဲ့သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်ကာ တရုတ်က ပဲ့ထွက်ပြည်နယ်တစ်ခုအနေဖြင့် သတ်မှတ်ထားပြီး တစ်ချိန်တွင် ပြည်မကြီးထဲ ထည့်သွင်းမည်သာဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း   နှစ်ဖက်ဆက်ဆံရေး ပြန်လည်နွေးထွေးလာခဲ့သေးသည်။

ပြီးခဲ့သည့်လအတွင်းက ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်နောက်ပိုင်း ပထမဆုံးအဖြစ် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြသည်။

ထိုင်ဝမ်က လွတ်လပ်ရေးကြေညာလာပါက တရုတ်ဖက်က အင်အားသုံးစွဲကာ ဖြေရှင်းမည့်အခွင့်အရေးကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

အမေရိကန် သံခင်းတမန်ခင်းအရာရှိဖြစ်သည့် Kaye Lee အား ဒီဇင်ဘာ ၁၆ ရက်၌ တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zheng Zeguang က သမ္မန်ဆင့်ခေါ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ နယ်မြေအစိတ်အပိုင်းတစ်ခုသာ ထာဝရဖြစ်ကြောင်းနှင့် အမေရိကန်၏ လက်နက်ရောင်းချမှုအား ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ပြောခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly