ကျွန်းလှမြို့နယ်တွင် Mytel တာဝါတိုင်များ ထပ်မံ ဖျက်ဆီးခံရ

18 September 2021
ကျွန်းလှမြို့နယ်တွင် Mytel တာဝါတိုင်များ ထပ်မံ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ၊ကျွန်းလှမြို့နယ်၊ ကျွဲတဲကျေးရွာရှိ Mytel တာဝါတိုင်နှင့် ညောင်ကိုင်းအုပ်စု ၊ပေါယောကျေးရွာရှိ Mytel တာဝါတိုင်များ စက်တင်ဘာ ၁၇ ရက် ညတွင်ည ဖျက်ဆီးခံလိုက်ရကြောင်းသိရသည်။

ကျွဲတဲကျေးရွာရှိ Mytel တာဝါတိုင် အောက်ခြေတွင်ရှိသည့် ပုံးအတွင်းက ဝါယာကြိုးများနှင့် စက်များကို သွေးသစ္စာအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ပြီး ပေါယောကျေးရွာရှိ Mytel တာဝါတိုင်ကို အမည်မသိ လူတစ်စုက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သွေးသစ္စာ အဖွဲ့ဝင်တစ်ဦးကပြောသည်။

"ကျွဲတဲရွာက တာဝါတိုင်အောက်က ပုံးတွေကိုတော့ ကျွန်တော်တို့အဖွဲ့က ည ၇ နာရီလောက်မှာ မီးရှို့ခဲ့တာပါ။ ည ၁၀ နာရီလောက်မှာ ပေါယောရွာက မိုင်တဲ တာဝါတိုင် မိုင်းခွဲခံရတယ်လို့သိရတယ်။ ဘယ်အဖွဲ့ကလုပ်တာလည်းတော့မသိဘူး။ နှစ်တိုင်စလုံးကတော့ မိုင်တဲတာဝါတိုင်တွေချည်းပါပဲ"ဟု သွေးသစ္စာ အဖွဲ့ဝင်ဖြစ်သူတစ်ဦးက ပြောသည်။

သွေးသစ္စာအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် ည အချိန်က ကျွန်းလှမြို့နယ် ၊လိပ်ဆင်းတောင်ကျေးရွာရှိ Mytel တာဝါတိုင်ကို ထုရိုက်ဖျက်ဆီးခဲ့သည်။

စက်တင်ဘာ ၁၇ ရက် ညတွင် ပေါရောကျေးရွာနှင့် ကျွဲတဲကျေးရွာရှိ အာဏာသိမ်းစစ်အုပ်စုပိုင် Mytel တာဝါတိုင်များကို သွေးသစ္စာအဖွဲ့နှင့် အမည်မသိ လူတစ်စုက ထပ်မံဖျက်ဆီးခဲ့ခြင်းကြောင့် ကျွန်းလှမြို့နယ်တွင် နှစ်ရက်အတွင်း မိုင်တဲတာဝါတိုင် သုံး တိုင် ဖျက်ဆီးခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly