CDF ဟာခါး ထံသို့ စစ်သား ၆ ဦး နှင့် ရဲဝန်ထမ်း ၁၅၀ကျော် CDM ဝင်ရောက်လာ

By ပါခွီး
17 September 2021
CDF ဟာခါး ထံသို့ စစ်သား ၆ ဦး နှင့် ရဲဝန်ထမ်း ၁၅၀ကျော် CDM ဝင်ရောက်လာ

စက်တင်ဘာ ၁၇

ချင်းပြည်နယ်အတွင်းရှိ CDF ဟာခါး ထံသို့ ဆက်သွယ်ပြီး စစ်‌ကောင်စီတပ်ဖွဲ့မှ ခြောက်ဦး၊ ခရိုင်ရဲ၊ ပြည်နယ်ရဲများအပါအဝင် ရဲဝန်ထမ်း ၁၅၀ကျော် CDM ပြုလုပ်လာကြောင်း CDF ဟာခါး ပြောရေးဆိုခွင့်ရှိသူ ဂျွန်မှ မဇ္စျိမ ကိုပြောသည်။

အဆိုပါ အရေအတွက်သည် မတ် ၂ရက်မှစ၍ ယနေ့အချိန်အထိ CDM ဝင်လာကြသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။

“စစ်တပ်က CDM လုပ်လာတဲ့ ခြောက်ယောက်ထဲက နှစ်ယောက်က လက်နက်နဲ့ပါဝင်လာတာဖြစ်တဲ့အတွက် ဟာခါး CDF ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆုငွေများကိုချီးမြှင့်သွားမှာဖြစ်တယ်။ လက်နက်ပါမလာသူတွေနဲ့ ရဲဝန်ထမ်းတွေကိုလည်း လုံခြုံတဲ့နေရာကို တာဝန်ယူပို့ဆောင်ပေးမှာဖြစ်တယ်” ၎င်းကဟု ပြောသည်။

ယင်းအပြင် CDF ဟာခါးအနေဖြင့် ဒလန်ကိစ္စနှင့် ပတ်သက်၍ အထူးသတိထားလုပ်ဆောင်နေကြောင်းနှင့် သေချာ စိစစ်ပြီးမှသာလျှင် အပြစ်ပေးအရေးယူခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျွန်က ဆက်လက်ပြောကြားသည်။

CDF ဟာခါး ပြော‌ရေးဆိုခွင့်ရှိသူ ဂျွန် မှ “ကျွန်တော် တို့ကြေညာချက်ဟာ နွေးထွေးစွာဖိတ်ခေါ်တာဖြစ်သလို သတိပေးတာလည်းဖြစ်ပါတယ်။ တကယ်လို့ CDM မဝင်ဘဲ အာဏာရှင်ဘက်မှာ ဆက်လက် ရပ်တည်နေမယ်ဆိုရင် ကျွန်တော်တို့ အရပ်သားပြည်သူများကို အထူး ရှောင်ကြဥ်ပြီး စစ်ဘက် ရဲဘက်က အုပ်ချုပ်ရေး ယန္တရား များကို တိုက်ခိုက်သွားမှာဖြစ်တယ်။ တွေ့ရာနေရာတိုင်းမှာ ဖမ်းဆီးတာ ၊ချေမှုန်းတာလုပ်ပါမယ်” ဟု ပြောသည်။

စက်တင်ဘာ ၁၆ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ပြည်သူ့အာဏာကို အကြမ်းဖက်လုယူပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်၊သတ်ဖြတ်၊လုယူနေခြင်းများကို ဆန့်ကျင်ကာ နိုင်ငံသားတာဝန်သိ စိတ်ဓာတ်ဖြင့် ပူးပေါင်းကြရန်ဖိတ်ခေါ်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် CDM ဝင်ရောက်လာသော ဝန်ထမ်းနှင့် မိသားစုများအတွက် လုံခြုံရေး ၊ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများတာဝန်ယူသွားမည်ဖြစ်ပြီး လက်နက်ငယ်နှင့် ကျည်ဆန်ယူဆောင်လာပါက ကျပ်သိန်း ၅၀၊ လက်နက်ကြီးနှင့် ကျည်ဆန်ယူဆောင်လာပါက ကျပ်သိန်း၁၀၀ နှင့် ဌာနဆိုင်ရာ ကားများ ယူလာပါက ကျပ် သိန်း၅၀ ဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly