အာဖဂန်နစ္စတန်အစိုးရသစ်ကို ဆန့်ကျင်ဆန္ဒပြသည့် အမျိုးသမီးများကို တာလီဘန်တို့က ကျာပွတ်နှင့် ရိုက်ကာ လူစုခွဲ

By NDTV
16 September 2021
အာဖဂန်နစ္စတန်အစိုးရသစ်ကို ဆန့်ကျင်ဆန္ဒပြသည့် အမျိုးသမီးများကို တာလီဘန်တို့က ကျာပွတ်နှင့် ရိုက်ကာ လူစုခွဲ

အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသားများဖြင့်သာ ဖွဲ့စည်းထားခဲ့သော တာလီဘန် ကြားဖြတ် အစိုးရသစ်အပေါ် ဆန့်ကျင်ပြီး စက်တင်ဘာ ၈ ရက်က အာဖဂန်အမျိုးသမီးတစ်ချို့ ကဘူးလ်မြို့၌ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာတွင် တာလီဘန်တို့က ကျားပွတ်၊ တုတ်များနှင့် ရိုက်နှက်ပြီး လူစုခွဲဖြိုခွင်းခဲ့သည်ဟု သိရသည်။

ယင်းနိုင်ငံတွင် အမြင်သဘောကွဲလွဲသူများကို နှိမ်နင်းဖြိုခွင်းမှုတစ်ခုအဖြစ် တာလီဘန်တို့သည် အဆိုပါ ဆန္ဒပြအမျိုးသမီးများကို ကျာပွတ်များ၊ တုတ်ချောင်းများ သုံးပြီး ရိုက်နှက် လူစုခွဲဖြိုခွင်းခဲ့သည်ဟု စီအင်န်အင်န်က ဖော်ပြသည်။

စီအင်န်အင်န်က ရရှိခဲ့သည့် ဗီဒီယိုများနှင့် ရုပ်ပုံများတွင် အမျိုးသမီးများက “အာဖဂန် အမျိုးသမီးတွေ အသက်ရာကျော် ရှည်ပါစေ” ဆိုပြီး ကြွေးကြော်နေခဲ့ကြသည်ကို ပြသခဲ့သည်။

ဆန္ဒပြသူတစ်ချို့ ကိုင်ဆောင်ထားခဲ့သည့် ဆိုင်းပုဒ်တစ်ချို့တွင် “အမျိုးသမီးတွေ ရှိနေတာကို ဘယ်အစိုးရကမှ မငြင်းပယ်နိုင်ပါဘူး၊ ငါတို့ကတော့ လွတ်လပ်မှုအတွက် သီဆိုဟစ်ကြွေးသွားဦးမှာပါပဲ” ဟု ဖော်ပြထားသည်။

ထို ဆန္ဒပြပွဲတွင် သတင်းယူခဲ့သည့် ဂျာနယ်လစ်များကို တာလီဘန်တို့က ရိုက်နှက်ခဲ့‌သေးကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အဆိုပါ စက်တင်ဘာ ၈ ရက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက “ကျွန်မတို့ဟာ မကြာခင်ရက်တွေအတွင်းက အစိုးရအဖွဲ့ ဖွဲ့စည်းတဲ့ ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင်ဆန္ဒပြဖို့ ဒီမှာ စု‌ဝေးကြတာပါ၊ အဲဒီအစိုးရအဖွဲ့မှာ အမျိုးသမီးတစ်ယောက်မှ ပါမလာပါဘူး” ဟု ပြောခဲ့သည်။

ယင်းနောက် ဆန္ဒပြသူအနည်းငယ်သည် “ကျာပွတ်နှင့် ရိုက်နှက်ခံရပြီး” ကိုယ့်အိမ်ကိုယ်ပြန်ကြရန်နှင့် အာဖဂန်နစ္စတန် အစ္စလမ္မစ်စော်ဘွားနိုင်ငံကို အသိအမှတ်ပြုလက်ခံကြရန် တာလီဘန်တို့က ပြောခဲ့သည်ဟု ၎င်းက ပြောသည်။ “အစိုးရအဖွဲ့မှာ အမျိုးသမီးတွေကို ထည့်မထားသလို ကျွန်မတို့ကိုလည်း အခွင့်အရေးတွေမှ မ‌ပေးတာ၊ ကျွန်မတို့က ဘာလို့ အာဖဂန်နစ္စတန် အစ္စလမ္မစ်စော်ဘွားနိုင်ငံဆိုတာကို လက်ခံရမှာတုန်း” ဟု ၎င်းက ပြောခဲ့သည်။

သူမသည် ထိုဆန္ဒပြပွဲ၌ “အမျိုးသမီး မပါတဲ့ အစိုးရအဖွဲ့ဟာ အရှုံးသမားပဲ ဖြစ်တယ်” ဆိုတဲ့ ပိုစတာတစ်ခုကို ကိုင်ဆောင်ခဲ့သည်ဟု ပြောသည်။

အမျိုးသမီး အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်မည်ဆိုပြီး တာလီဘန်တို့ ယခင်က ပေးထားသော ကတိကဝတ်များအတိုင်း လိုက်နာရန် ဆန္ဒပြအမျိုးသမီးများက တာလီဘန်များကို တောင်းဆိုခဲ့သည်။

လက်ရှိအစိုးရအဖွဲ့သစ်၏ ရာထူးမြင့် နေရာများတွင် အမျိုးသမီးများကို ခန့်သင့်ကြောင်း ဆန္ဒပြသူများက ပြောခဲ့သည်။

“ကျွန်မတို့ဟာ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ အမျိုးသမီးတွေ မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ အခွင့်အရေးကို လိုချင်ပါတယ်၊ မနေ့က အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒါပေမယ့် ကျွန်မတို့ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်” ဟု အခြားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒီဘာ ဖာရာမန်က ပြောခဲ့သည်။

တာလီဘန်တို့ ကြေညာခဲ့သည့် “အစ္စလမ္မစ် စော်ဘွား အာဖဂန်နစ္စတန်” ကြားဖြတ်အစိုးရအဖွဲ့၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ သို့မဟုတ် အကြံပေးရာထူးနေရာများတွင် အမျိုးသမီးများ၊ ဘာသာရေး လူနည်းစုအဖွဲ့ဝင်များ သို့မဟုတ် ပြုတ်ကျခဲ့သည့် ယခင်အာဖဂန်အစိုးရအဖွဲ့ဝင်ဟောင်းများကို ထည့်သွင်းထားခြင်း မရှိခဲ့ပေ။

ယင်းအစား အာဖဂန်၏ တာလီဘန်ကြားဖြတ်အစိုးရအဖွဲ့သစ်တွင် အယူဝါဒ တရားသေကိုင်စွဲသူများအဖြစ် ရှုမြင်ခံရသည့် တာလီဘန် ပုဂ္ဂိုလ်အများအပြားသာ ပါဝင်လာခဲ့သည်။

ယင်း ကြားဖြတ်အစိုးရအဖွဲ့တွင် မူလာ မူဟမ်မက်ဒ် ဟက်ဆန် အက်ခွန်က ဝန်ကြီးချုပ်တာဝန်ယူပြီး မူလာ အဗ္ဘဒူလ် ဂါနီ ဘာရာဒါနှင့် မိုလာဗီ အဗ္ဘဒူလ် ဆာလမ်ဟာနာဖီတို့က လက်ထောက်များအဖြစ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly