ရန်ကုန်၊ဇွန် ၂၂ ။ ။ မြန်မာ ပိုင်နက်အတွင်း ဖမ်းဆီးမိသော လှေစီးဒုက္ခသည်များအနက် မြန်မာနိုင်ငံဘက်မှ ထွက်သွားသော ဒုက္ခသည် ၁၈၇ ဦးကို ၎င်းတို့၏ နေရပ်များသို့ ပြန်လည် ပို့ပေးလျှက်ရှိသည် ဟု ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးခင်စိုးကပြောသည်။
မြန်မာနိုင်ဘက်အခြမ်းမှ ပါဝင်သူ များအနက် ၁၁၁ ဦးမှာ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်များက ဖြစ်ပြီးကျန် လူများမှာ စစ်တွေ၊ကျောက်တော်နှင့်မင်းပြားနှင့် ဘူးသီးတောင်မြို့နယ်များမှဖြစ်သည် ဟုဆိုသည်။
ဦးခင်စိုးက "ဒီနေ့ပဲ ဘူးသီးတောင်နဲ့ မောင်တောကိုပို့ပါတယ်၊ အခြားမြို့နယ်ကလို့ထွက် ဆိုတဲ့သူတွေကိုလည်း အခြားမြို့ နယ်တွေကို ပို့ပါတယ် "ဟု ပြောသည်။
ဧရာဝတီတိုင်းဟိုင်းကြီးကျွန်းတွင် ဖမ်းဆီးမိခဲ့သူများအနက် ငါးရာကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖြစ်သည် ဟု ပြောကြား ထားသော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြုထားခြင်းမရှိသေးပေ။
ဦးခင်စိုးက "လူထုကတော့ ကန့်ကွက်တာပေါနော်။ ဒါပေမယ့် အစိုးရအနေနဲ့လည်း အဖက်ဖက်က မျှတအောင် လုပ်ရတာပေါ့ ဗျ"ဟု ဆက်လက် ဆိုသည်။
လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ်တွင် ယာယီထားပြီး စစ်ဆေးမှုများကို ရခိုင်ဒေသခံများ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့သည်။
လှေစီးဒုက္ခသည်များကို ရခိုင်တွင်ထားရှိမှုကိုကန့်ကွက်သည့် မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က "မြန်မာ ဘက်က ဆိုရင်ကော တရားမဝင်သွားတာလာတာကို အရေးမယူဘဲ ဒီအတိုင်းပြန်ပို့တာ တရားဥပဒေနဲ့ ညီရဲ့လား ကျန်တဲ့ ငါးရာကို ဘင်္ဂလားဒေ့ရှ်က လက်မခံဘူးဆိုရင် ဘာလုပ်မှာလဲ ဒါတွေ ကို ဘာမှ တိတိကျကျမရှိဘူး၊ဘင်္ဂလီမှန်သမျှ ရခိုင်ပြည်နယ်မှာ လာပုံဆိုတာမျိုးပဲဖြစ်နေ တယ်"ဟု ဆိုသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့မိ မြို့ဖများအနေဖြင့် လှေစီးဒုက္ခသည်များထားရှိမှုကို ကန့်ကွက်စာ ထုတ်ပြန်ထားပြီးပြည်နယ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည့် ကိစ္စများကိုလည်း ရပ်တန့်ထားသည်။
ဦးသာပွင့်က "ဘင်္ဂလီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ် အစိုးရမှာ လုပ်ပိုင်ခွင့်မရှိပေမယ့် ဒီလို ဆန္ဒထုတ် ဖော်တာတွေ ကန့်ကွက် တာတွေကို သမ္မတ ကို တင်ပြစေချင်တယ် ၊ဒါမှလည်း လူထုရဲ့သဘော ထားကို အစိုးရက သိမှာပေါ့"ဟု ဆိုသည်။
မြန်မာရေပိုင်နက်အတွင်း မေလ ၂၁ နှင့် ၂၉ ရက်က ရွှေ့ပြောင်း ဒုက္ခသည်များပါဝင်သည့် သင်္ဘော နှစ်စီးကိုဖမ်းမိခဲ့ပြီး စုစုပေါင်း လှေစီးဒုက္ခသည် ၉၀၀ ကျော်ကို ရခိုင်ပြည်နယ်တွင်ထားရှိစိစစ်ခဲ့သည်။
ထိုအနက် ၁၈၇ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင်လွဲပြောင်းထားပြီး ၁၉၅ ဦးမှာ ရခိုင်ပြည်တွင် နေထိုင်သူများဖြစ် ကာ သက်ဆိုင်ရာမြို့နယ်များသို့ လွဲပြောင်းနေခြင်းဖြစ်သည်။
ကျန်ငါးရာကျော်မှာ တောင်ပြိုလက်ဝဲ မြို့နယ် အတွင်းရှိ မိုင်တိုင် ၃၇ တွင် ထားရှိကာ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အတည်ပြုမှုကို ခံယူလျှက်ရှိသည်။