နိုင်ငံတကာကို အားကိုးမရတော့၍ စုစည်းညီညွတ်မှုဖြင့်သာ စစ်ကောင်စီကို အဆုံးသတ်နိုင်လိမ့်မည်ဟု NUG ထုတ်ပြန်

နိုင်ငံတကာကို အားကိုးမရတော့၍ စုစည်းညီညွတ်မှုဖြင့်သာ စစ်ကောင်စီကို အဆုံးသတ်နိုင်လိမ့်မည်ဟု NUG ထုတ်ပြန်

စက်တင်ဘာ ၁၃

အာဏာသိမ်းစစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ မြန်မာပြည်သူလူထုများအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို အားကိုး၍ မရတော့ဘဲ တစ်မျိုးသားလုံး စုစည်းညီညွတ်မှုဖြင့်သာ စစ်ကောင်စီကို အဆုံးသတ်နိုင်လိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။

တစ်မျိုးသားလုံး စုပေါင်းမှု၊ ဆောင်ရွက်မှု ဖြင့်သာ စစ်ကောင်စီကြောင့် ပေါ်ပေါက်ခဲ့သော အာဏာသိမ်းမှုနှင့် မတည်ငြိမ်မှုများ အဆုံးသတ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ခုနှစ်လတာ ကာလကို ပြန်ဆန်းစစ်ကြည့်ပါက သိသာထင်ရှားနေပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

နိုင်ငံတချို့၏ တရားဝင်ဖိတ်ကြားမှုဖြင့် စစ်ကောင်စီက အချို့သော နိုင်ငံတကာအစည်းဝေးများတွင် တက်ရောက်ခွင့်ရနေပြီး အချို့သောနိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေး သဘောတူညီချက်များပင် ရရှိနေကြောင်း တွေ့နေရသည့်အတွက် NUG အစိုးရ၏ ပြည်သူများ ရွေးချယ်တင်မြောက်ထားသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်မှုများရှိကြောင်း NUG က ပြောထားသည်။

ပြီးခဲ့သည့် ခုနှစ်လတာကာလအတွင်း နိုင်ငံရေးနှင့် သံတမန်ရေး ကြိုးပမ်းမှု သက်သက်ဖြင့် ပြဿနာများကို မဖြေရှင်းနိုင်ကြောင်း သေချာခဲ့သည့်နောက်တွင် မလွှဲသာမရှောင်သာဘဲ ရပ်ရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့များကို ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာဥပဒေများ၊ ဂျီနီဗာသဘောတူညီချက်တို့နှင့် လိုက်လျောညီထွေဖြစ်သော ကျင့်ဝတ်၊ စည်းကမ်းများကို လေးစားလိုက်နာရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူလူထုက စစ်ကောင်စီအား ဆက်လက်ခုခံတွန်းလှန်နေချိန်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ပိုမို မြင့်တက်လာနိုင်ခြင်းကို ရှောင်လွှဲ၍ရမည် မဟုတ်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို သေစေနိုင်သော လက်နက်များဖြင့် အလွန်အမင်း အင်အားသုံးဖြိုခွဲခဲ့မှုများက လူငယ်များကို ရရာအင်အားသုံး၍ မိမိကိုယ်ကို ခုခံရန် တွန်းပို့ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့များအနေဖြင့်လည်း မိမိတို့တာဝန်များကို စွန့်ခွာ၍ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရန် အခွင့်အရေး ရှိသေးကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

အကြမ်းဖက်မှုများ၏ တရားခံဖြစ်သော အာဏာရှင်စစ်ကောင်စီအား အမြစ်ပြတ်ခုခံတွန်းလှန်သွားရန်နှင့် ပြည်သူလူထုအားလုံး၏ ညီမျှမှု၊ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် ဒီမိုကရေစီအခွင့်အရေးများအား အပြည့်အဝကာကွယ်စောင့်ရှောက်မည့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် NUG က တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly