အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၂၆ ဦး  အာသံပြည်နယ်၌ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၂၆ ဦး  အာသံပြည်နယ်၌ ဖမ်းဆီးခံရ

စက်တင်ဘာ ၁၃

အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၂၆ ဦး စက်တင်ဘာ ၁၂ ရက်က အာသံပြည်နယ် ဂူဝါဟာတီမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အိန္ဒိယ စာရွက်စာတမ်းအတုများဖြင့် ဒေလီမြို့ကို သွားရောက်မည့် မြန်မာနိုင်ငံသား ၂၆ ဦးအား ဂူဝါဟာတီမြို့မှ ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

သတင်းပေးမှုတစ်ခုအရ အာသံရဲများသည် ရီဟာဘာရီ နယ်မြေရှိ တည်းခိုဆောင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၁၈ နှစ်မှ ၂၈ နှစ်အကြား အသက်အပိုင်းအခြားရှိ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

“စုံစမ်းစစ်မေးမှုတွေအရ ယခု ဖမ်းဆီးခံထားရသူတွေဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်က ဖြစ်ပြီး သူတို့ဟာ သမ္မာကျမ်းစာ သင်ဖို့ ဒေလီမြို့ကို သွားနေသူတွေဖြစ်တယ်လို့ ပြောပါတယ်၊ သူတို့နဲ့အတူ ပါလာတဲ့ ပစ္စည်းတွေကို စစ်ကြည့်ရာမှာ မီဇိုရမ်ပြည်နယ်မှာ လုပ်ထားခဲ့တဲ့ အိန္ဒိယမှတ်ပုံတင်ကတ်ပြားတွေ၊ မဲဆန္ဒရှင်ကတ်ပြားတွေလိုမျိုး အိန္ဒိယ အထောက်အထားစာရွက်စာတမ်းအတုတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်” ဟု အာသံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

အာသံရဲများသည် ၎င်းတို့ကို စာရွက်စာတမ်းအတု ပြုလုပ်မှု၊ ဗီဇာစည်းမျဉ်းများ ချိုးဖောက်မှု၊ ပတ်စ်ပို့မပါဘဲ အိန္ဒိယသို့ ဝင်ရောက်မှု အပါအဝင် စွဲချက်များဖြင့် အိန္ဒိယ၏ တည်ဆဲ ဥပဒေများအောက်တွင် အမှုဖွင့်ထားသည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်နေသည်ဟုလည်း သိရသည်။

မီဇိုရမ်ပြည်နယ် အစိုးရ၏ စာရင်းမှတ်တမ်းများအရ ယခုနှစ် မတ်လနောက်ပိုင်း ချင်းပြည်နယ်မှ အများစုအပါအဝင် မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ထားခဲ့ကြသည်ဟု သိရသည်။ အများစုသည် ချမ်ဖိုင်နှင့် အိုက်ဇော ဒေသတို့တွင် အခြေချနေထိုင်လျက် ရှိသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယနယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ဆင်မှုတစ်ခုကြောင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် မီဇိုရမ်ပြည်နယ်၏ ဒေသနှစ်ခုထဲ ဝင်ရောက်ထားခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly