ထိုင်ဝမ်အား ရုံးဖွင့်လှစ်ခွင့်ပြုရန် ဆုံးဖြတ်ပြီးနောက် လစ်သူယေးနီးယားက တရုတ်နိုင်ငံမှ သံအမတ်ကြီးကို ပြန်ခေါ်

By The South China Morning Post
09 September 2021
ထိုင်ဝမ်အား ရုံးဖွင့်လှစ်ခွင့်ပြုရန် ဆုံးဖြတ်ပြီးနောက် လစ်သူယေးနီးယားက တရုတ်နိုင်ငံမှ သံအမတ်ကြီးကို ပြန်ခေါ်

လစ်သူယေးနီးယားသည် ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်အား ထိုင်ဝမ်နာမည်ဖြင့် ဇူလိုင်လတွင် ရုံးဖွင့်လှစ်ခွင့်ပြုရန် ဆုံးဖြတ်ပြီးနောက် ယင်း၏ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးကို စက်တင်ဘာ ၃ရက်က ပြန်ခေါ်ခဲ့သည်။

တရုတ်အစိုးရကို မစော်ကားမိစေရန်အတွက် အခြားနိုင်ငံများက အသုံးပြုလေ့ရှိသည့် တရုတ်တိုင်ပေဟူသော အသုံးအနှုန်းထက် ထိုင်ဝမ်ဟူသော အမည်ဖြင့် လစ်သူယေးနီးယားနိုင်ငံမြို့တော် ဗဲနူမြို့တွင် ယခုဆောင်းဦး ကာလတွင် ရုံးဖွင့်ခွင့်ပြုမည့် သဘောတူညီချက် ဇူလိုင်လအတွင်းက ထိုင်ဝမ်နှင့် လစ်သူယေးနီးယားတို့ သဘောတူခဲ့ကြသည်။

သြဂုတ် ၁၀ ရက် တရုတ်အစိုးရ၏ ထုတ်ပြန်ချက်ကို ဆွေးနွေးညှိနှိုင်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သံအမတ်ကြီး ဒိုင်ယာနာ မစ်ကဗယ်ချေနေးကို ပေကျင်းမြို့မှ ပြန်လည်ခေါ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက လစ်သူယေးနီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို သြဂုတ်လတွင် ပြန်လည်ခေါ်ယူခဲ့ပြီး လစ်သူယေးနီးယားနိုင်ငံအား မှားယွင်းသော ဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ရန်၊ ဆက်ဆံရေးပျက်ယွင်းမှု ကိုပြန်ပြင်ရန် ခိုင်မာသောအစီအစဉ်များ အကောင်အထည်ဖော်ရန်နှင့် မှားယွင်းသောလမ်းကြောင်းသို့ နောက်ထပ်မသွားရန် တရုတ်က ပြောကြားခဲ့သည်။

ယင်းကြေညာချက်တွင် ထိုင်ဝမ်ကို ရုံးဖွင့်ခွင့်ပြုပါက လစ်သူယေးနီးယားအနေဖြင့် အကျိုးဆက်များကို ခံစားရနိုင်ဖွယ်ရှိမည်ဟု ဖော်ပြခဲ့သော်လည်း အသေးစိတ်မဖော်ပြခဲ့ပေ။

တရုတ်၏ လုပ်ရပ်အတွက် ဝမ်းနည်းကြောင်း လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးစားလိုက်နာသော်လည်း ကမ္ဘာပေါ်ရှိအခြားနိုင်ငံများနည်းတူ ထိုင်ဝမ်နှင့် နှစ်နိုင်ငံ အကျိုးရှိသောဆက်ဆံရေးများတည်ဆောက်ရန် အဆင်သင့်ဖြစ်နေကြောင်း အလေး အနက် ပြောကြားခဲ့သည်။

တရုတ်က ထိုင်ဝမ်သည် ယင်း၏ ပိုင်နက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားထားပြီး သံရုံးကဲ့သို့သော ထိုင်ဝမ်ကုန်သွယ်ရေး ရုံးများမှ တဆင့် အမေရိကန်နှင့် ဂျပန်အပါအဝင် အဓိကနိုင်ငံများ အားလုံးနှင့် အလွတ်သဘော ဆက်ဆံရေးကို ထိန်းသိမ်းထားသော်လည်း ထိုင်ဝမ်ကို သံတမန်ရေးရာအရ အသိအမှတ်ပြုခြင်းကို တရုတ်က လက်မခံနိပေ။

တရုတ်၏ဖိအားကြောင့် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ထားသည့် နိုင်ငံ ၁၅ နိုင်ငံအထိ လျှော့ကျသွားခဲ့သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်သော လစ်သူယေးနီးယား မှ သံတမန်များသည် သံအမတ်ကြီး ဒိုင်ယာနာ မစ်ကဗယ်ချေနေးနှင့်အတူ စည်းလုံးညီညွတ်မှုကိုပြသခဲ့သည်ဟု စက်တင်ဘာ ၃ရက်တွင် လစ်သူယေးနီးယားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly