ဂျမူး-ကက်ရှ်မီးယားဒေသ ပန်ချာရီရွာရှိ တောင်သူများ သစ်ချပင် စိုက်ပျိုးရေးမှ အမြတ်အစွန်းရရှိ

ဂျမူး-ကက်ရှ်မီးယားဒေသ ပန်ချာရီရွာရှိ တောင်သူများ သစ်ချပင် စိုက်ပျိုးရေးမှ အမြတ်အစွန်းရရှိ

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဥဒမ်ပါခရိုင်ရှိ ပန်ချာရီရွာတွင် သစ်သီးဝလံ ပန်းမန်စိုက်ပျိုးရေးဌာန၏ အကူအညီ ဖြင့် သစ်ချပင်များကို စိုက်ပျိုးကြရာတွင် အမြတ်အစွန်းများ ရရှိနေသည်။

ဌာန၏ ပံ့ပိုးမှုကြောင့် တောင်သူအများအပြားသည် သမားရိုးကျ စိုက်ပျိုးရေးမှ သစ်ချပင်များကို ပြောင်းလဲစိုက်ပျိုးလာကြသည်။ သစ်ချပင်စိုက်ပျိုးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများနှင့် ထွက်နှုန်းကောင်း မျိုးသန့် အစေ့များကို ဖြန့်ဖြူးပေးသည်။ ၂၀၂၂ ခုနှစ်မတိုင်မီ တောင်သူများ၏ ဝင်ငွေ ၂ဆတိုးစေရေး ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ရည်မှန်းချက်ကို ကိုက်ညီစေရန် သစ်သီးဝလံနှင့် ပန်းမန်ဌာနက ယခုအစီအစဉ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်။

သီးနှံမျိုးစုံ စိုက်ပျိုးခြင်းသည် လယ်သမားများ၏ ဝင်ငွေတိုးတက်စေရန်နှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချရာတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ဖြစ်သည်။

အသက် မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေး လုပ်ငန်းကိုသာ အဓိကမှီခိုအားထားနေရသည့် ပန်ချာရီရွာမှ တောင်သူများက ၎င်းတို့အနေဖြင့် အမြတ်အစွန်းအများအပြားကို ရရှိနေကြောင်းနှင့် သစ်ချပင် စိုက်ပျိုးရေးသည် ၎င်းတို့၏ မျှော်လင့်ချက်ရောင်ခြည်အသစ်ဖြစ်လာကြောင်း ပြောကြားသည်။

အဆိုပါ ကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ပရီတမ်ကုမာက သစ်ချပင်စိုက်ပျိုးရေးကို ပြောင်းလဲလုပ်ကိုင်ခြင်းသည် သူနှင့် ကျေးရွာရှိလူများကို ဝင်ငွေပိုမိုရစေကြောင်း ပြောကြားသည်။

“အရင်တုန်းကတော့ ကျွန်တော်တို့ ဟင်းသီးဟင်းရွက်၊ ဂျုံနဲ့ ပြောင်းပဲ စိုက်ကြတယ်။ အဲဒီတုန်းက သစ်ချပင် စိုက်တဲ့အကြောင်းကို မသိခဲ့ဘူး။အုပ်ချုပ်ရေးအဖွဲ့က ပညာပေးလုပ်ငန်းတွေလုပ်သလို မျိုးကောင်းမျိုးသန့်တွေကို ကူညီပေးခဲ့တယ်။ အခုဆိုရင် သစ်ချပင်စိုက်ပျိုးလာတာ ၄-၅ နှစ်လောက်ရှိပြီ” ဟု ၎င်းက ပြောကြားသည်။

သစ်ချပင်စိုက်ပျိုးရေး လုပ်ငန်းသည် တောင်သူများကိုသာမက လယ်ကွင်းထဲတွင် လုပ်ကိုင်သည့် အလုပ်သမားများအတွက်ပါ ဝင်ငွေတိုးတက်စေလာကြောင်း အခြားတောင်သူတစ်ဦးဖြစ်သည့် အန်ဂရက်ဆင်းက ပြောကြားသည်။

သစ်ချပင်များ စိုက်ပျိုးသည့် လယ်အလုပ်သမားတစ်ဦးဖြစ်သူ ဘယ်လ်ဘာဆင်းကလည်း “ကျွန်တော် ဒီမှာ လုပ်လာတာ ၂-၃ နှစ် ရှိနေပါတယ်။ အလုပ်ကောင်းသလို ဝင်ငွေလည်း ကောင်းပါတယ်” ဟု ပြောကြားသည်။

စီးပွားရေးတိုးချဲ့မှုအတွက် ထွက်ကုန်များ၏ ဈေးကွက်ရှာဖွေရန် တောင်သူများက အုပ်ချုပ်ရေးအဖွဲ့ကို တိုက်တွန်းတောင်းဆိုထားသည်။

လွန်ခဲ့သည့် နှစ် ၃၀ ကာလအတွင်းက ပန်ချာရီရွာတွင် သစ်ချပင်များ အလွန်နည်းပါးခဲ့ပြီး ယခုအခါ လူပေါင်း ရာနှင့်ချီ၍ အလုပ်ရရှိနေပြီ ဖြစ်သည်။ ထွက်ရှိလာသည့် သစ်ချသီးများကို ရောင်းရန် စတိုးဆိုင် သို့မဟုတ် ဈေးကွက်တစ်ခု ဖွင့်လှစ်ရန်လည်း ဒေသဆိုင်ရာ အစိုးရကို တောင်သူများက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly