အိန္ဒိယတွင် တရုတ်၏ ဝင်ရောက် လွှမ်းမိုးရေးလှုပ်ရှားမှုများရှိနေကြောင်း အကြံပေးပညာရှင်အဖွဲ့ ထုတ်ဖော်ပြောကြား

By Taiwan News
08 September 2021
အိန္ဒိယတွင် တရုတ်၏ ဝင်ရောက် လွှမ်းမိုးရေးလှုပ်ရှားမှုများရှိနေကြောင်း အကြံပေးပညာရှင်အဖွဲ့ ထုတ်ဖော်ပြောကြား

အိန္ဒိယနို်ငငံတွင် တရုတ်က လွှမ်းမိုးရေးလှုပ်ရှားမှုများကို ပြုလုပ်လာရာတွင် တရုတ်ထောက်လှမ်းရေးအဖွဲ့များနှင့် အစိုးရဌာနများက အိန္ဒိယ၏ ဖျော်ဖြေရေးမှ ပညာရေးကဏ္ဍအထိ နယ်ပယ်အများအပြားတွင် ထိုးဖောက်ဝင်ရောက်နေ ကြောင်း အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာသည်။

နယူးဒေလီမြို့အခြေစိုက် အကြံပေးပညာရှင်များအဖွဲ့ဖြစ်သည့် ဥပဒေနှင့် လူမှုရေးမဟာမိတ်အဖွဲ့က ‘အိန္ဒိယတွင် တရုတ်၏ ခြေရာများနှင့် လွှမ်းမိုးရေး လှုပ်ရှားမှုများကို ဖော်ထုတ်တွေ့ရှိခြင်း’ ဟု အမည်ပေးထားသည့် စာမျက်နှာ ၇၆ မျက်နှာပါ အစီရင်ခံစာကို စက်တင်ဘာလ ၃ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်သည့်နေ့မှာပင် တွေ့ရှိချက်များအား အွန်လိုင်းမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း Asian News International သတင်းဌာနက ဖော်ပြသည်။

ဖျော်ဖြေရေးကဏ္ဍ၌ မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုများမှ ကွန်ဖြူးရှပ်အင်စတီကျုမှတစ်ဆင့် ဝါဒဖြန့်ချိမှုများအထိ တရုတ်အစိုးရက အိနိ္ဒယ၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် ဖြစ်နိုင်သမျှသော နည်းလမ်းများဖြင့် ဝင်ရောက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပညာရေး၊ အကြံပေးအဖွဲ့များ၊ မီဒီယာ၊ ကုန်သွယ်ရေးအဖွဲ့များ၊ နည်းပညာကုမ္ပဏီများ၊ ဘောလိဝုဒ်ရုပ်ရှင်နှင့် နိုင်ငံရေး ပါတီများတွင် တရုတ်နိုင်ငံအပေါ် ထောက်ခံမှုကို ရယူပြီး အိန္ဒိယပြည်သူများ၏ သဘောထားအမြင်ကို လွှမ်းမိုးနိုင်ရန်နှင့် အိနိ္ဒယနိုင်ငံ တည်ငြိမ်မှုမရှိစေရန်တို့အတွက် တရုတ်ပညာရှင်အများအပြားက ဆွေးနွေးခဲ့ကြသည်။

ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး ကနေဒါညွန့်ပေါင်းအဖွဲ့အား ပူးတွဲတည်ထောင်သူနှင့် ကနေဒါဂျာနယ်လစ်တစ်ဦးဖြစ်သူ ရှန်းယွီက တရုတ်၏ ပဥ္စမမြောက်ကော်လံ စစ်ဆင်ရေးသည် အိန္ဒိယ၏ အကျိုးစီးပွားကို မည်မျှထိခိုက်စေကြောင်း ယခုအစီရင်ခံစာက ဖော်ပြထားသလို သတိပြုမိသော အိန္ဒိယနို်ငငံသားများက ယင်းလုပ်ရပ်များကို တွန်းလှန်နေကြကြောင်း ထောက်ပြပြောဆိုသည်။

ယခုအစီရင်ခံစာသည် အလားတူ အဖျက်အန္တရာယ်များနှင့် ကြုံတွေ့နေရသည့် ကနေဒါအပါအဝင် ကမ္ဘာ့နိုင်ငံများအတွက် သတိပေးချက်ဖြစ်ကြောင်းလည်း သူမက ပြောကြားသည်။

အိန္ဒိယတွင် ယနေ့ ဖြစ်ပေါ်နေသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ဝါဒဖြန့်ချိရေး ထိရောက်မှုများသည် ကိုလိုနီခေတ်တွင် ဗြိတိသျှတို့က ပြည်သူတို့အပေါ် ထိန်းချုပ်မှုများနှင့် ဆင်တူကြောင်း The New Indian သတင်းဌာနက အယ်ဒီတာချုပ် အားတီတစ်ကူးက ပြောကြားသည်။ ဘောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူများက ၎င်းတို့လုပ်ငန်းများ၏ ဝင်ငွေပုံမှန်အတွက် တိဘက်ဒေသကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် လက်ခံရန် လိုလားကြကြောင်း တစ်ကူးက ပြောကြားသည်။ ဟောလိဝုဒ် ရုပ်ရှင်လောကသည်လည်း လွန်ခဲ့သည့်နှစ်များအတွင်း ယင်းကဲ့သို့ လုပ်ဆောင်ခံခဲ့ရသည်။

လွန်ခဲ့သည့် နှစ် ၃၀ ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် အိန္ဒိယ၏ အဓိကကုမ္ပဏီကြီး အားလုံးနီးပါးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကာ ပုံသွင်းခြင်းနှင့် တရုတ်အစိုးရ၏ သဘောဆန္ဒကို လိုက်လျောစေရန် လုပ်ဆောင်ခဲ့သည်ဟု တစ်ကူးက ပြောသည်။

“တရုတ်အစိုးရက အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ပြိုလဲအောင် အားစိုက်လုပ်ဆောင်လာသလို ပါကစ္စတန်နှင့် အာဖဂန်အစွန်းရောက်များကို ထောက်ပံ့ခြင်းဖြင့် အာဖဂန်နစ္စန်နိုင်ငံ၏ မူဝါဒများကို မသိမသာ လွှမ်းမိုးနိုင်အောင် လုပ်ဆောင်နေတယ်” ဟု ကမ္ဘာ့ ဝီဂါကွန်ဂရက်မှ တရုတ်ရေးရာ ညွှန်ကြားရေးမှူး အီရှယ်ကွတ်ဘိုရီက ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီက ဖွံ့ဖြိုးရေး အကူအညီဟန်ပြကာ အရှေ့တာကစ္စတန် (ရှင်ကျန်း) ဒေသအား သိမ်းပိုက်ခဲ့ပြီး ယခုအခါ ယင်းဒေသတွင် ထိန်းသိမ်းရေးစခန်းများ တည်ထောင်ထားသည့် ဝီဂါသမိုင်းကြောင်းကို ယခုအစီရင်ခံစာက အမှတ်ရစေကြောင်း ကွတ်ဘိုရီက ပြောသည်။

တရုတ်နိုင်ငံသည် စီးပွားရေးကဏ္ဍကို ဖွင့်လှစ်ပြီးနောက် ပိုမိုလွတ်လပ်သည့် သဘောထားရှိလာလိမ့်မည်ဟု ယူဆရာတွင် အိန္ဒိသည်လည်း အခြားဒီမိုကရေစီနိုင်ငံများကဲ့သို့ပင် မှားယွင်းခဲ့ကြောင်း၊ တရုတ်၏ ရန်လိုသော လုပ်ရပ်များကို ကမ္ဘာ့ခေါင်းဆောင်များက နှုတ်ဆိတ်နေသည်မှာ ကာလကြာမြင့်ပြီဟု တိဘက်ဗျူရို၏ ကုလသမဂ္ဂဆိုင်ရာ ဥပဒေအရာရှိ ကယ်ဒန်ဆိုမိုက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly