ပုလောမြို့နယ်တွင် KNU တပ်မဟာ (၄)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်

ပုလောမြို့နယ်တွင် KNU တပ်မဟာ (၄)နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်
photo- knu (ပုံအဟောင်း)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် KNU တပ်မဟာ (၄)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားနေသည်။ 

ယမန်နေ့ ညပိုင်းအချိန်ကတည်းက ဆားခဲရွာ၊ ပုလော ဘုရားတောင်ကုန်းရွာနှင့် ပိန္နဲတောင်ရွာများတွင် စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ 

ယနေ့ စက်တင်ဘာ ၇ ရက်မနက်အစောပိုင်းတွင်ပုလောမြို့နယ်အတွင်းရှိ ကျောက်စရစ်ရွာ၊ စက်တော်ရွာ နှင့်ပုလောကုန်းရွာတို့တွင် တိုက်ပွဲပြင်းထန်‌နေကြောင်း ဒေသခံများက ပြောပြသည်။ 

“စစ်ကောင်စီဘက်က အင်အား ၁၀၀ လောက်နဲ့တက်လာတယ်ပြောတယ်။ ကျန်တာတော့ မေးနေတယ်” ဟု ၎င်းကပြောသည်။ 

တိုက်ပွဲကြောင့် နှစ်ဘက် ထိခိုက်၊ ဒဏ်ရာရရှိသည့်အခြေအနေများနှင့် ပက်သက်ပြီး “ကြေးနန်းမရောက်သေးဘူး။ တိုက်ပွဲဖြစ်တာပဲ သိထားတယ်” ဟု KNU သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် စောယွာခွီဒူးက ဆိုသည်။

တောင်ငူလေတပ်စခန်းမှ တက်လာသည့် တိုက်လေယာဉ်ပျံသန်းမှုများကို ယနေ့မနက်ကိုးနာရီကျော်အထိကြားသိနေရပြီး လေယာဉ်များကို တိုက်ပွဲဖြစ်ရာသို့ ပို့နေခြင်းဖြစ်ကြောင်း KNU မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly