ဗုဒ္ဓနဲ့နိုင်ငံရေး

ဗုဒ္ဓနဲ့နိုင်ငံရေး

မကြာသေးမီ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ  ထေရဝါဒစစ်စစ် တည်ရှိတဲ့ မြန်မာနိုင်ငံတော်ကြီးအတွက် ကပ်ကြီး (၃)ပါး စတင်ဆိုက်ရောက်သော နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ 
 
အကြောင်းကတော့ မြန်မာတစ်နိုင်ငံလုံးက လူသားဆန်တဲ့ နှလုံးသားရှိသော ပြည်သူစစ်စစ်တို့ရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြု၊ ပြည်သူ့အစိုးရကို အာဏာဖီဆန်၊ တိုင်းပြည်အာဏာ ဓားပြတိုက်ခံလိုက်ရတဲ့ နေ့ဖြစ်ခဲ့ခြင်းကြောင့်ပါ။

 ထိုနေ့၊ ထိုအချိန်က စပြီး ၉၀ ရာခိုင်နှုန်းကျော်သော မြန်မာပြည်သူ၊ ပြည်သားတွေဟာ နှလုံးစိတ်ဝမ်း မငြိမ်းချမ်းဘဲ ကျီးလန့်စာစား ဘဝကိုရောက်ရှိခဲ့ကြပါတယ။်  ကိုယ့်အိမ်၊ ကိုယ့်ဝန်း၊ ကိုယ့်ခြံတွင်းမှာပဲ နေထိုင်ခြင်းကတောင် ကိုယ်စိတ်နှလုံး လုံခြုံမှုမရှိဘဲ ဘယ်အချိန် လာဖမ်းပြီး ဘယ်အချိန် အလောင်းလာရွေးခိုင်းမလဲဆိုပြီး  စိုးရိမ်သောက၊ ဗျာပါရများနဲ့ နေထိုင်နေကြရပါတော့တယ်။

ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကပ်ကြီးသုံးပါးရဲ့ အဓိပ္ပာယ်ကို အတိအကျမသိဘူးဆိုရင်တောင် ရင်းနှီးကျွမ်းဝင်မှုရှိကြပါတယ်။
ဘာကြောင့်လဲဆိုရင် ဘုရားရှိခိုးအမျိုးမျိုးနဲ့ ဆုတောင်းအမျိုးမျိုးမှာ ကပ်ကြီးသုံးပါးကို ကျော်လွားနိုင်ပါစေဆိုပြီး ဆုတောင်းကြလို့ပါပဲ။
 ဗုဒ္ဓစာပေကျမ်းဂန်များတွေမှာ - (၁) သတ္ထန္တရကပ်၊ (၂) ဒုဗ္ဘိက္ခန္တရကပ်၊ (၃) ရောဂန္တရကပ် ဆိုပြီး ကပ်ကြီးသုံးပါးရှိပါတယ်။ တနည်းအားဖြင့် ကပ်ဆိုးကြီး သုံးပါးလို့လည်း ဗုဒ္ဓဘာသာဝင်အများက နားလည်ထားကြပါတယ်။

ကပ်ကြီးသုံးပါးကို အချုပ်အားဖြင့် အန္တရာယကပ်ကြီး လို့လည်း ခေါ်ပါတယ်။

ဓား၊ လှံ သေနတ် အစရှိသည့် လက်နက်များအတွက်နဲ့  အသက်အန္တရာယ်ဖြစ်ပေါ်တာကို သတ္ထန္တရကပ် လို့ခေါ်ပါတယ်။ ယခုအခါမှာ တိုင်းပြည်အာဏာသိမ်းခံရပြီးတဲ့နောက် အမှန်တရားမြတ်နိုးသူတွေနဲ့ စစ်အာဏာရှင်တို့အကြား တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်အန္တရာယ်သည်လည်း သတ္ထန္တရကပ်အဖြစ် ပေါ်ပေါက်လာခဲ့ပါပြီ။

အစာ၊ ဆန်၊ ရေရှားပါး ငတ်မွတ်ခေါင်းပါးမှုကြောင့် အသက်အန္တရာယ်ဖြစ်ပေါ်လာလာတာကို ဒုဗ္ဘိက္ခန္တရကပ် လို့ဆိုပါတယ်။  ကုန်သွယ် စီးပွားလမ်းကြောင်းတွေ ပိတ်ဆို့တာ၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့်လည်း ဒုဗ္ဘိက္ခန္တရကပ် ဖြစ်တည်လာခဲ့ပါတယ်။
 
ရောဂါဆိုး ဥပါဒ်ဆိုး ဖြစ်ပေါ်လာပြီး အသက်အန္တရာယ်ဖြစ်ပေါ်လာစေတာကို ရောဂန္တရကပ်လို့ ဆိုပါတယ်။ ယခုအခါ ကိုဗစ်ကူးစက်ရောဂါ တတိယလှိုင်း ရောဂါဆိုးအခြေအနေကိုလည်း အခြားတိုင်းပြည်နှင့်မတူ မြန်မာနိုင်ငံမှာအလွန်မှ ဆိုးရွားစွာ ခံစားခဲ့ကြရပါသည်။ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေတုန်းက ပြည်သူ့အစိုးရက ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့တာကြောင့် ပြည်ပနိုင်ငံတွေမှာ ရောဂါဖြစ်ပွားမှု ဆိုးရွားနေပေမယ့်လည်း ဒီတိုင်းပြည်မှာတော့  ဖြစ်ပွားနှုန်းနဲ့ သေနှုန်းလျှော့ကျခဲ့ပါတယ်။ အခုကတော့ စစ်အာဏာသိမ်းပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းဟာ ကြောက်ခမန်းလိလိ ကို ဖြစ်နေတာကြောင့် ရောဂန္တရကပ်ကြီး ဖြစ်ပေါ်နေပြီလို့ ဆိုလို့ရမှာပါ။

ဒီလိုပဲ တိုင်းပြည်ဟာ ဘေးဥပါဒ် အန္တရာယ်အသွယ်သွယ် ကျနေတဲ့ ကာလတွေမှာ ရဟန်းသံဃာတော်တွေနဲ့ တိုင်းသူပြည်သူ ဒါယကာ၊ ဒါယိကာမတွေက ဒီလိုအန္တရာယ်တွေကနေ ကင်းလွတ်အောင် စွမ်းဆောင်ပြုမှုနိုင်ပုံတွေကို ပရိတ်တော်တွေရဲ့သမိုင်းကြောင်းနဲ့ ဗုဒ္ဓရာဇဝင်တွေမှာ အထင်အရှား ရှိခဲ့ပါတယ်။
 
ဝိဋဋူဘနှင့် သာကီဝင်မင်းများအကြား အငြိုးအတေး ပြဿနာရပ်ကြောင့် သွေးချောင်းစီးမယ့်အရေးကို မြတ်စွာဘုရားရှင်ဟာ ပထမ၊ ဒုတိယ၊ တတိယ (၃) ကြိမ်တိုင်တိုင် ဝင်ရောက် စောင့်ရှောက်ကယ်တင်ခဲ့ပါတယ်။ 

ဗုဒ္ဓဘာသာစာပေတွေမှာလည်း သာကီဝင်မင်းတို့ရဲ့ မြို့ ကပိလဝတ်နှင့် ကောလိယမင်းတို့၏ မြို့ ကောလိယ ဟာ  ရောဟီဏီမြစ်ရဲ့ ကမ်းတစ်ဖက်စီမှာ တည်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြို့နှစ်မြို့က သီးနှံစိုက်ပျိုးသူတွေက ရောဟီဏီမြစ်ရေဖြင့် စိုက်ပျိုးကြတာပါ။  မိုးခေါင်တဲ့ တစ်ခုသောနှစ်မှာ မြစ်ရေ အလုံအလောက် မရရှိကြတာကြောင့် ကမ်းနှစ်ဘက်က လယ်သမားတွေက လယ်အတွင်း မြစ်ရေသွင်းနိုင်ဖို့ လုကြပါတော့တယ်။ ရေတစ်ကြိမ်သွင်းရုံမျှနဲ့ အသီးအနှံတွေ အောင်မြင်နိုင်မယ့် အခြေအနေမှာ နှစ်ဘက် မပြေမလည် ဖြစ်ရာကနေ စစ်ပွဲတစ်ခု ဖြစ်မယ့် အရေးထိ ကြီးထွားလာခဲ့ပါတယ်။ လယ်သမားတွေထံက စခဲ့တဲ့ အဲဒီပြဿနာကြောင့် နှစ်ဘက်သော စစ်တပ်တွေက စစ်ဖြစ်ရန် အသင့်ဖြစ်နေချိန်မှာပဲ ဗုဒ္ဓမြတ်စွာဘုရားဟာ မြစ်ကို ကြွလာပြီး တရားပြသဆုံးမတာကြောင့် စစ်ဖြစ်မယ့် အရေးက ငြိမ်းအေးခဲ့ပါတယ်။

အဲဒီလို နိုင်ငံအရေးအရ သွေးချောင်းစီးမယ့် ပြဿနာတွေ၊ လူအများသေကြေပျက်စီးကြရမယ့် ကိစ္စရပ်တွေမှာ
ဘုရားရှင်အပါအဝင် ရဟန်းသံဃာတွေဟာ နိုင်ငံရေးကိစ္စရပ်တွေမှာ ပါဝင်ပေးခဲ့ပါတယ်။ အများအကျိုးအတွက် ပြေလည်စေဖို့  နှစ်ဖက်ကြား ညှိုနှိုင်းပါဝင်ခြင်းမျိုးသာဖြစ်ပြီး တစ်ဘက်ကနေ ရပ်တည်ပါဝင်ခဲ့ခြင်းမျိုး မဟုတ်ခဲ့ပါဘူး။
ယခုအချိန်အခါမှာ မြန်မာနိုင်ငံမှာ သွေးချောင်းစီးပြီး  လူအများသေကြေပျက်စီးကြရမည့် အရေးကိစ္စရပ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြရပါပြီ။
အထက်ဖော်ပြပါ လူတို့၏ အသက်ကို ဖျက်ဆီးတတ်သည့် ရောဂါဆိုး ဥပဒ်ဆိုးများကို ဖြစ်စေသော ကပ် (၃) ပါး၏ အချုပ် အန္တရာယကပ်ကြီးဖြစ်ပေါ်နေပါတယ်။ ရဟန်းသံဃာတော်များအနေနဲ့ ဒါယကာ၊ ဒါယိကာများအပေါ် အစဉ်ရှေးရှူ သနားမှုပြုပေးရန် လျှောက်ထားမှုအပ်ပါတယ်။
 
 ထေရဝါဒသာသနာထွန်းကား ပြန့်ပွားနေတဲ့ မြန်မာပြည်ဟာ သာသနာထွန်းကားမှုကြောင့် ကြည့်လေရာအရပ်တိုင်း ကျောင်း၊ ကန်၊ ဘုရား၊ စေတီများစွာ ရှိသကဲ့သို့ ရဟန္တာလို့ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်ထူးတွေလည်း အများအပြားရှိနေပါသည်။ ခေတ်အဆက်ဆက် မင်းစိုးရာဇာတွေ ကိုးကွယ်ဆည်းကပ်သော ထင်ပေါ်ကျော်ကြားတဲ့ ရဟန်းပုဂ္ဂိုလ်များ၊ နိုင်ငံကျော် ရဟန်းပုဂ္ဂိုလ်များ ကမ္ဘာ့အလယ် ရပ်တည်နိုင်စွမ်းသော ရဟန်းပုဂ္ဂိုလ်များ အများအပြား မြန်မာနိုင်ငံမှာရှိပါတယ်။
 
ထိုကဲ့သို့သော ရဟန်းပုဂ္ဂိုလ်များအနေနဲ့ ယခုအရေးကိစ္စဟာ  နိုင်ငံရေးဖြစ်နေ၍ ရဟန်းအလုပ်မဟုတ်ဟု မသတ်မှတ်စေချင်လှပါ။
စွမ်းနိုင်သည့်နေရာကနေ  ရပ်တည်ဖြည့်ဆည်း ပေးစေချင်ပါတယ်။  မြတ်စွာဘုရားရှင်နှင့် ဝိဋဋူဘ ဖြစ်စဉ်၊ မြတ်စွာဘုရားနှင့် ရောဟီဏီမြစ် ဖြစ်စဉ်များကို ပြန်လည်၍ ဆင်ခြင်သုံးသပ်ပေးတော်မူကြပါရန် ရေးသားလျှောက်ထားအပ်ပါတယ် အရှင်ဘုရားတို့ဘုရား။ လောကဓမ္မအကျိုး၊ မြန်မာပြည်သူ၊ ပြည်သားများအကျိုးအတွက် ကောင်းမွန်သောအကျိုးရလဒ်အတွက် ပြုမူဆောင်ရွက်သင့်သည်ကို ဆောင်ရွက်ပေးစေချင်လှပါတယ်။
 
ယခုဖြစ်ပေါ်နေသော အန္တရာယကပ်ကြီးအား ရဟန်းသံဃာတော်တွေအနေနဲ့ ကြားဝင်ရပ်ပေးတော်မူခြင်းမျိုးကို ပြုလုပ်ပေးစေချင်ပါတယ်။ အန္တရာယကပ်ကြီးကို ခံစားနေရတဲ့ ပြည်သူအပေါင်းဟာ ဒီကပ်ကြီးကို  ကြာရှည်စွာ ရင်မဆိုင်ရစေဘဲ အမြန်ဆုံးအေးချမ်းပါစေရန် ရည်ရွယ်ပြီး မျှော်လင့်အားကိုးမိပါတယ်။  ပြည်သူများရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ အမှောင်ဖုံး မသွားစေဖို့ ထေရဝါဒ ကိုးကွယ်ဆည်းကပ်တဲ့ မြန်မာပြည်သူ၊ ပြည်သားတို့ဟာ   လူ့ငရဲသားများအဖြစ်ကဲ့သို့  ဆက်လက်မတည်ရှိစေဖို့ ရဟန်းသံဃာအပေါင်းက  ဆောင်ရွက်ပေးစေချင်ကြောင်း ညှိုးရော်စွာ လျှောက်ထားအပ်ပါတယ် အရှင်ဘုရားတို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly