ပတ်၀န်းကျင်က မျက်လုံးစိမ်းတွေ

ပတ်၀န်းကျင်က မျက်လုံးစိမ်းတွေ

နေထိုင်ရာ အခန်းကျဉ်းကလေးထဲကနေ အညောင်းဆန့်ဖို့အတွက် အပြင်ထွက်လိုက်တာနဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရော လမ်းသွား လမ်းလာတွေပါ ခပ်စိမ်းစိမ်းဖြစ်လို့နေပါတယ်။ဒီလိုအကြည့်တွေကို  ချောက်‌ချောက်ချားချား ကြုံဖူးပြီးသွားပြီမို့ မထူးဆန်းဘူးလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ အခုတစ်ခါအကြည့်တွေက ဘယ်သူက ချောက်တွန်းလေမလဲဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့၊ လျှောက်ရတဲ့ ခြေလှမ်းတွေကလည်း အရင်ကလောက် မသွက်လက်တော့ပါဘူး။ 

မျက်လုံးစိမ်းတွေနဲ့ ကြည့်တဲ့အကြည့်တွေကို နောက်ကြောင်းပြန် လှည့်ကြည့်ရမယ်ဆိုရင် တော့ COVID-19 ရဲ့ ဒုတိယလှိုင်း နေ့ရက်တွေပါပဲ။ပထမလှိုင်းတုန်းက လွတ်ရာလွတ်ကြောင်း နယ်ကို အပြေးပြန်နိုင်ခဲ့ပေမယ့် ဝမ်းရေးအရ မနေသာခဲ့ဘူး။ ဒုတိယလှိုင်းမှာတော့ မြို့ပြကြီးရဲ့ ခြောက်ကပ်ကပ် ချောက်ချား စရာနေ့ရက်တွေကို ထိပ်တိုက် ရင်ဆိုင်လိုက်ရပါတော့တယ်။ 

ဒီအခြေအနေတွေက ပြောသလောက် လွယ်ကူလှတယ်လို့တော့ မဟုတ်ပါဘူး။ လေးကွက်ကြား ခြင်းကြားကြီးတစ်လုံးပုံစံ မြို့ပြကြီး ကို အထိုင်ချထားတဲ့လမ်းတွေမှာ လေးဘက်လေးတန် သံဆူးကြိုးတွေ၊ သံတံခါးတွေနဲ့ ပိတ်ဆို့ကာရံထားတာပါ။ ကိုယ်နေထိုင်ရာ တိုက်ခန်းပေါ်၊ အပေါ်စီးကနေကြည့်‌ရင် မသိသာပေမယ့် အသုံးအဆောင်လိုတဲ့အခါ မဖြစ်မနေ အောက်ဆင်းရပြီဆို မြင်နေကျ ခံစားမှုမျိုးမဟုတ်တော့ဘဲ ရုတ်ခြည်းပြောင်းသွားတဲ့ အရာတခုက ချောက်ချားခြင်းကို ခံစားလိုက်ရတာပါ။ 

မမြင်ဘူး၊ မကြုံဘူးတဲ့ ဝန်းကျင်တခုဖြစ်သွားတဲ့အပြင် အကြည့်တွေက မျက်လုံးစိမ်းစိမ်းတွေနဲ့ တုံ့ပြန်ခံရတာပါပဲ။ ရောဂါရှိသူလား၊ ရောဂါသယ်ဆောင်လာသူလား၊ ရောဂါပိုးရှိလျက်နဲ့ Stay Home မနေသူတစ်ယောက်လားဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ခံရတာပါ။ ဒီလို အကြည့်စိမ်းစိမ်းကြီးတွေကို ခံနိုင်ရည်ရှိဖို့ မလွယ်လှပါဘူး။ 

ကပ်ဘေးက ဆိုက်ပြီဆို ဆက်တိုက်လာတတ်တယ်။ကပ်ဆိုက်ဖို့အတွက် အရိပ်လက္ခဏာတွေက တစ်ခုပြီးတစ်ခုတွေ့ရပြီး အနီးအနားက လူကြီးသူမတွေက ပြောဆို သတိပေးတတ်ကြပါတယ်။ ကောင်းအောင်နေ၊ ကောင်းတာပြော၊ စာနာစိတ်ထား၊ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီ၊ တစ်ရက်တာတိုင်း နီးစပ်ရာကုသိုလ်လုပ်ဖို့ ၊ ကုသိုလ်ပြုခြင်းကနေရတဲ့ အကျိုးပေးကြောင့် ဘေးဒုက္ခတွေကနေ လွတ်ကင်းနိုင်တယ်ဆိုတဲ့ ဆုံးမသတိပေးသံတွေက နားထဲ ခပ်စိပ်စိပ် ကြားလာရပါတယ်။ မကြာလိုက်ပါဘူး။ COVID-19ရဲ့ ဒုတိယလှိုင်း တည်ငြိမ်စအချိန်မှာ ဘေးဆိုးကြီးတစ်ခု ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ 

တိုးတက်ပြောင်းလဲလာတော့မယ့် လူမှုဘဝတွေ ရိုက်ချိုးခံလိုက်ရတယ်။ ဖျက်ဆီးခံလိုက်ရတယ်။ကမ္ဘာ့မျက်နှာစာမှာ မြန်မာနိုင်ငံမြေပုံက လူရာဝင်ခါနီးဆဲဆဲ ချောင်ထိုးခံရဖို့ အကြောင်းဖန်လာပါ‌တော့တယ်။ကျွန်တော်တို့ တစ်နိုင်ငံလုံး အမှောင်ကျတဲ့ နေ့ပါပဲ။အင်တာနက်လိုင်းတွေ အဖြတ်ခံရပြီး ပြန်ရတဲ့မနက်က သတင်းဌာနတစ်ခုရဲ့ သတင်းကြေညာသံနဲ့အတူ ကျွန်တော်တို့အားလုံးလည်း အမှောင်နေ့ရက်တွေကို စပြီး လျှောက်လှမ်းကြရပါတော့တယ်။ 

အမှောင်ကျပြီဆိုတာနဲ့ လက်ရှိအခြေအနေရော၊ အနာဂတ်အတွက်ပါ မရေရာတော့တဲ့ နေ့ရက်တွေကို ရောက်ရှိသွားတာပါ။ ဒီလိုနေ့ရက်တွေမှာလည်း ပတ်ဝန်းကျင်က မျက်လုံးစိမ်းတွေနဲ့ပါပဲ။ ကျီးကန်းတောင်းမှောက်ကြည့်ပြီး ဘယ်ကမှန်းမသိတဲ့လူတွေက လမ်းထိပ်မှာ မထင်မရှား။ဘာကိုအလိုရှိလို့၊ ဘာကိုဖျက်ဆီးဖို့ ကျားချောင်း ချောင်းနေကြတယ်ဆိုတာ အတပ်မပြောနိုင်ပေမယ့် မျက်နှာစိမ်းနဲ့လူတွေ ခြေရှုပ်နေပြီဆိုတာကိုတော့ သတိမူမိကြလိမ့်မယ် ထင်ပါတယ်။ 

ဒီလို မျက်နှာစိမ်းနဲ့လူတွေကြောင့် အသက်ပေးသွားကြရတဲ့ သူရဲကောင်းတွေ ဘယ်လောက်တောင် များနေပြီလဲ။ အသက်ပေးရသူ စာရင်းသစ် ထပ်မမြင်ချင်တော့ပါဘူး။ထပ်လည်း မကြားချင် တော့ပါဘူး။ကြားရသမျှ နားဝမှာ မျက်နှာစိမ်းနဲ့လူတွေကြောင့် သူတို့လေးတွေ အသက်ပေးသွားရတာ။သူတို့တွေအသက်ပေးပြီး အာဏာရှင်ကို တော်လှန်သွားကြတာပါ။ 

သတိထားပါ။ မျက်နှာစိမ်းနဲ့သူတွေရော၊ မျက်နှာမစိမ်းတဲ့သူများကိုပါ သတိထားပါ။တကယ်တော့ ပတ်ဝန်းကျင်က အရင်ကလို မဖော်ရွေတော့ပါဘူး။လမ်းထဲမှာ COVID-19 ရောဂါနဲ့ သေဆုံးသွားသူ ရှစ်ယောက် ရှိပါတယ် ။ဒီအခြေအနေကို ဘယ်သူကမှ မျက်လုံးစိမ်းနဲ့ကြည့်ပြီး သတိထား စောင့်ကြည့်တာတွေ မလုပ်ကြတော့ပါဘူး။ 

သတိထားမိသမျှထဲမှာ လူငယ်တွေဆို လူကြီးတွေက သင်္ကာမကင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်တာမျိုးပါ။လူငယ်တွေမှာ အနာဂတ်ရှိ 
တယ်။ လူငယ်တွေမှာ မျှော်လင့်ချက်ရှိတယ်။ 

လူငယ့်အားဆိုတာ ဘာမဆိုလုပ်နိုင်တယ်။ အရာရာကို ရိုက်ချိုးပစ်နိုင်တယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ လူငယ်တွေကို မယုံကြည်တဲ့ ‌လူတစ်စုက ဝေးဝေးလံလံမှာ မရှိပါဘူး။ အနီးအနား လမ်းထိပ် ထွက်လိုက်တာနဲ့ သတိထားမိရင် သိနိုင်ပါတယ်။ 
လမ်းထိပ်မှာ၊ ကုန်တိုက်မှာ၊ ကွမ်းယာဆိုင်မှာ၊ စာအုပ်ဆိုင်တွေမှာ မြင်နေကျမဟုတ်တဲ့သူတွေကို အမှတ်တမဲ့ သတိထားကြည့်ရင် သတိပြုမိကြမှာပါ။ နေထိုင်ရာ ပတ်ဝန်းကျင်က ခပ်စိမ်းစိမ်း ဖြစ်သွားပါတယ်။ ယဉ်ပါးလာအောင် အချိန်ဘယ်လောက်ပေးပြီး အချိုသတ်  နဖားကြိုး ထိုးရ‌လဲဆိုတာ မပြောနိုင်ပါဘူး။ ဘယ်အရာကမှ အချိန်ကြာကြာ စိမ်းကားမနေဘူးလို့ လက်ခံထားပါ တယ်။ အနာဂတ်နေ့ရက်တွေမှာ တစ်နေ့နေ့မှာတော့ ပတ်ဝန်းကျင်က မျက်လုံးစိမ်းတွေ ကွယ်ပျောက် လွင့်စင်သွားမှာပါ ။ ။
မြို့ပြကြီးကိုခင်တွယ်သူတစ်ဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly