အီးယူ-ထိုင်ဝမ် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ဥရောပ ပါလီမန်အမတ်များက တိုက်တွန်းပြီး တရုတ်၏ ခြိမ်းခြောက်မှုကို သတိပေး

By Taiwan News
05 September 2021
အီးယူ-ထိုင်ဝမ် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ဥရောပ ပါလီမန်အမတ်များက တိုက်တွန်းပြီး တရုတ်၏ ခြိမ်းခြောက်မှုကို သတိပေး

ထိုင်ဝမ်နှင့် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် (BIA) ရေးထိုးရန် တောင်းဆိုသည့် အစီရင်ခံစာတစ်စောင်ကို ဥရောပပါလီမန်၏ နိုင်ငံခြားရေးရာ ကော်မတီမှ အမတ်များက စက်တင်ဘာ ၁ ရက်တွင် တိုက်တွန်းလိုက်သလို တရုတ်အနေဖြင့် ထိုင်ဝမ်ကို စစ်ရေးဆိုင်ရာ ဖိအားများပေးနေကြောင်းလည်း သတိပေးလိုက်သည်။

အီးယူနှင့် ထိုင်ဝမ်တို့အကြား ဆက်ဆံမှုတိုးမြှင့်ရေးကို တောင်းဆိုသည့် အစီရင်ခံစာတစ်စောင်ကို အီးယူ၏ နိုင်ငံခြားရေးရာကော်မတီတွင် မဲခွဲဆုံးဖြတ်ရာ ပါဝင်သည့် အမတ် ၇၀ ဦးအနက် ၆၀ က ထောက်ခံကာ၊ ၄ ဦးက ကန့်ကွက်ပြီး ၆ဦးက ကြားနေခဲ့သည်။

အဆင့်မြင့်အရာရှိများအပါအဝင် တာဝန်ရှိသူများအကြား အပြန်အလှန်ဆက်ဆံရေးအတွက် အစီရင်ခံစာတွင် တိုက်တွန်းထားသလို စီးပွားရေးဆက်ဆံမှု အားကောင်းစေရေးအတွက် ဆွေးနွေးမှုများကို ပြင်ဆင်ထားရန် ယခုနှစ်မကုန်မီ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် (BIA) ၏ သက်ရောက်မှုများကို အကဲဖြတ်သုံးသပ်ရန်လည်း တောင်းဆိုထားသည်။

ဥရောပ ပါလီမန်အမတ်များက စီးပွားရေးနှင့် ကုန်သွယ်ရေးအတွက် ဦးစားပေးဖော်ပြသည့် နယ်ပယ်များတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ နည်းပညာ၊ ပြည်သူ့ ကျန်းမာရေးနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်သွင်းမှုတို့ ပါဝင်သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ဆက်ဆံရေးအခြေအနေ၊ အင်ဒို-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်းလည်း ပါလီမန်အမတ်များက သတိပေးသည်။ မြင့်တက်နေသည့် အဆိုပါ တင်းမာမှုများကို ဖြေရှင်းရန် ဥရောပသမဂ္ဂက ပိုမိုဆောင်ရွက်ရေးနှင့် ထိုင်ဝမ်၏ ဒီမိုကရေစီနှင့် ဥရောပသမဂ္ဂ၏ အရေးပါသော မိတ်ဖက်နိုင်ငံအဖြစ် ကာကွယ်ပေးရန်လည်း ၎င်းတို့က တောင်းဆိုထားသည်။

မဲခွဲဆုံးဖြတ်အပြီးတွင် ဆွီဒင်နိုင်ငံမှ ဥရောပပါလီမန်အမတ်နှင့် ကိုယ်စားလှယ်ဖြစ်သူ ချားလီဝီမာက ထိုင်ဝမ်နှင့် ဆက်ဆံရေးအပေါ် အီးယူ၏ အစီရင်ခံစာသည် ဥရောပသမဂ္ဂအနေဖြင့် ၎င်းတို့၏ အဓိကကျသော

မဟာမိတ်ထိုင်ဝမ်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် အဆင်သင့်ရှိကြောင်းကို ခိုင်မာသည့် သက်သေဖြစ်ကြောင်း ပြောကြားခဲ့သလို BIA ဆွေးနွေးမှုကိုလည်း ယခုနှစ်မကုန်မီ ပြုလုပ်ရန် ပိုမိုဆောင်ရွက်ရေးအတွက်လည်း ဥရောပသမဂ္ဂသို့ တိုက်တွန်းခဲ့သည်။

ယခုလုပ်ဆောင်ချက်အပေါ် ကော်မတီသို့ ကျေးဇူးတင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ရက်က ၎င်းတို့၏ တွစ်တာတွင် ရေးသားခဲ့သည်။ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် စည်းမျဉ်းအခြေခံစနစ်အပေါ် လက်ခံကျင့်သုံးရာတွင် ထိုင်ဝမ်၏ အခန်းကဏ္ဍအား အသိအမှတ်ပြုခြင်းအပါ် ကော်မတီကို ကျေးဇူးတင်ကြောင်းလည်း ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly