ပဲခူးမြို့တွင် စစ်ကောင်စီ သတင်းပေးဆိုသူ ရာအိမ်မှူး သေနတ်ပစ်ခံရ

ပဲခူးမြို့တွင် စစ်ကောင်စီ သတင်းပေးဆိုသူ ရာအိမ်မှူး သေနတ်ပစ်ခံရ

ပဲခူးမြို့၊ ကျောက်တွင်းကုန်း ရပ်ကွက်မှ စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုသူ ရာအိမ်မှူး ကိုရဲထွန်းသည် စက်တင်ဘာ၄ရက် ည ၉နာရီခွဲခန့်တွင် သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း သိရသည်။ 

အမည်မသိလူတစ်စုက ဆိုင်ကယ်ဖြင့်လာရောက်ပြီး ကိုရဲထွန်းကို  သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ပစ်ချက်လွဲချော်ခဲ့သည့်အတွက် ၎င်းကို ကျည်ဆန်ထိမှန်ခဲ့ခြင်းမရှိဘဲ အနီးရှိ  သရက်ပင်ကိုသာ ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။ 

“ရဲထွန်းက သူ့အိမ်ရှေ့ခြံတံခါးအပိတ်မှာ အပစ်ခံရတာ နည်းနည်းအလှမ်းဝေးတော့ မထိသွားဘူး။ သူက ကြံခိုင်းရေးပါတီဝင်ဗျ။ စစ်တပ်ကခန့်လိုက်တာ ရာအိမ်မှူးဆိုပြီး သူနဲ့ မတည့်တဲ့သူတွေကို ရဲခေါ်ဖမ်းခိုင်းတယ်။ သူ့ကိုတောင်းပန်ခိုင်းတာ ပိုက်ဆံလည်း ဘာဂွင်ဖန်သလဲမမေးနဲ့။ တောင်းမယ်ဆိုတာပဲ”ဟု ကျောက်တွင်းကုန်း ရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။ 

အဆိုပါ ဖြစ်စဉ်မဖြစ်ပွားခင် စစ်ကောင်စီတပ်သား အင်အား၃၀ခန့်က ကျောက်တွင်းကုန်း လမ်းဆုံတွင် ဆိုင်ကယ်တစ်စီးကိုတားဆီးရာ ရပ်တန့်မပေး၍  ဆိုင်ကယ်မောင်းနှင်းသူကို အကြမ်းဖက်စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။ 

ဒလန်ရာအိမ်မှူးသေနတ်ဖြင့် အပစ်ခံရမှုတွင် ယခုအချိန်အထိ ဖမ်းဆီးစစ်ဆေးခံရသူ မရှိသေးဘဲ မည်သည့်အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကိုလည်း မသိရှိရသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required