ပါကစ္စတန်တွင် အစိုးရဝန်ထမ်းများ ဆိုရှယ်မီဒီယာပလက်ဖောင်းများ အသုံးမပြုရန် တားမြစ်ခံရ

ပါကစ္စတန်တွင် အစိုးရဝန်ထမ်းများ ဆိုရှယ်မီဒီယာပလက်ဖောင်းများ အသုံးမပြုရန် တားမြစ်ခံရ

တရားဝင် သတင်းအချက်အလက် ၊ စာရွက်စာတမ်းများ ပေါက်ကြားနိုင်မှုကို တားဆီးရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ပါကစ္စတန်အစိုးရက အစိုးရဝန်ထမ်းအားလုံးကို ဆိုရှယ်မီဒီယာပလက်ဖောင်းများ အသုံးမပြုရန် တားမြစ်ပိတ်ပင်ထားကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်တွင် ပါကစ္စတန်အစိုးရ၏ လူသားအရင်းအမြစ်ဌာနမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်သတိပေးချက်တစ်ရပ်အရ မည်သည့် အစိုးရဝန်ထမ်းမဆို အစိုးရအာဏာပိုင်တို့၏ ခွင့်ပြုချက်မရဘဲ မည်သည့် မီဒီယာပလက်ဖောင်းတွင်မှ ပါဝင်ပတ်သက်၍ မရနိုင်ဟု ပြောထားသည်။

ယခု ထုတ်ပြန်သတိပေးစာအရ လမ်းညွှန်ချက်များသည် အစိုးရမူဝါဒတစ်ခု၊ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ တိုးတက်မှုအတွက် အကြံပြုချက်များနှင့် တိုင်ကြားစာများ ဖြေရှင်းခြင်းတို့နှင့်ပတ်သက်ပြီး feedback တောင်းခံရန်အလို့ငှာ ပြည်သူများ ပါဝင်စေနိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းတစ်ခု၏ ဆိုရှယ်မီဒီယာကို အပြုသဘောဆောင် အသုံးပြုမှုအပေါ် ဟန့်တားရန် မရည်ရွယ်ကြောင်း ပြောထားသည်။

သို့သော် ယင်းကဲ့သို့ အဖွဲ့အစည်းတစ်ခုအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေသော၊ မသင့်လျော်သော၊ မနှစ်မြို့ဖွယ်ကောင်းသော မှတ်ချက်များကို ဖယ်ရှားရန် ၎င်းတို့၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အဆက်မပြတ် သို့မဟုတ် မကြာမကြာ ထိန်းသိမ်းအသုံးပြုသင့်သည်။

ယခု ထုတ်ပြန်သတိပေးချက်တွင် ၁၉၆၄၊ အစိုးရဝန်ထမ်း (ကျင့်ဝတ်) စည်းမျဥ်းများအောက်ရှိ အစိုးရအမှုထမ်းများ လိုက်နာရမည့် လမ်းညွှန်ချက်များကို အသေးစိတ်ဖော်ပြထားသည်။ ထို့ပြင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအပါအဝင် မတူညီသော မီဒီယာ ဖိုရမ်များတွင် အစိုးရအမှုထမ်းများ ပါဝင်ခြင်းနှင့်ပတ်သက်ပြီး စည်းမျဥ်းစည်းကမ်း လိုက်နာရေးအတွက် အုပ်ထိန်းဆောင်ရွက်မည် ဖြစ်သည်။

“စည်းမျဥ်း ၁၈ အရ အစိုးရဝန်ထမ်းတစ်ဦးအနေနဲ့ တရားဝင်အစိုးရ သတင်းအချက်အလက် ဒါမှမဟုတ် အထောက်အထား စာရွက်စာတမ်းတစ်ခုခုကို အခြားအစိုးရဝန်ထမ်းတစ်ဦး ဒါမှမဟုတ် သီးသန့်ပုဂ္ဂိုလ်တစ်ဦးဦး ဒါမှမဟုတ် သတင်းမီဒီယာဆီ ဝေမျှတာမျိုး မလုပ်ရဘူးလို့ တားမြစ်ထားပါတယ်” ဟု ထုတ်ပြန်သတိပေးချက်တွင် ပြောသည်။

အစိုးရ စည်းမျဥ်းများဆိုင်ရာ စည်းမျဥ်း ၂၂ ကို ရည်ညွှန်းရင်း ပြောကြားထားရာတွင် အစိုးရအမှုထမ်းတစ်ဦးအနေဖြင့် သူ သို့မဟုတ် သူမ ကိုယ်တိုင် ထုတ်ပြန်သည့် ရေဒီယို အသံလွှင့်ချက်တွင် ဖြစ်စေ သို့မဟုတ် အများပြည်သူရှေ့ ပြောဆိုမှု သို့မဟုတ် တီဗွီပရိုဂရမ်တွင် ဖြစ်စေ၊ သို့မဟုတ် ထုတ်ပြန်ဖော်ပြသည့် စာရွက်စာတမ်းတစ်ခုခုတွင် ဖြစ်စေ အစိုးရကို အရှက်ရစေနိုင်သည့် အချက်အလက် သို့မဟုတ် အတွေးအမြင်တစ်ခုခုကို ထုတ်ပြန်ခြင်းမပြုရဟု ပြောထားသည်ဟု ဆိုသည်။

အထက်ပါ လမ်းညွှန်ချက်များအနက် တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသည်ကို ကျူးလွန်ဖောက်ဖျက်ခြင်းက လက်မခံနိုင်သော အပြုအမူအဖြစ် အဓိပ္ပါယ်သက်ရောက်ပြီး အဆိုပါ ပြစ်မှုငယ်များ ကျူးလွန်သည့် အစိုးရအမှုထမ်းအပေါ် စည်းကမ်းပိုင်းအရေးယူဆောင်ရွက်မှုဆီ ဦးတည်လိမ့်မည်ဟု ယခု သတိပေးထုတ်ပြန်ချက်တွင် အစိုးရအမှုထမ်းအားလုံးကို သတိပေးထားသည်။

အကယ်၍ အစိုးရအမှုထမ်းများအနေဖြင့် ချိုးဖောက်မှု ရှိထားသည်ဟု အတည်ပြုထားသည့် ဆိုရှယ်မီဒီယာဂရု(ပ်) တစ်ခုခု၏ administrator များ ဖြစ်နေခဲ့မည်ဆိုပါက ၎င်းတို့အပေါ် စည်းကမ်းပိုင်းအရ တရားစွဲဆိုမှုများ လုပ်ဆောင်ရလိမ့်မည်ဟုလည်း ယင်း သတိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required