အာဖဂန်ဒုက္ခသည်များ စုပြုံဝင်လာမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် ပါကစ္စတန်၏ QAT ပါတီ စီစဥ်

အာဖဂန်ဒုက္ခသည်များ စုပြုံဝင်လာမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် ပါကစ္စတန်၏ QAT ပါတီ စီစဥ်

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ်တွင် အာဖဂန်ဒုက္ခသည်များ အခြေချနေထိုင်စေနိုင်ရေး လုပ်ဆောင်မှု၊ ပြည်သူများ၏ မြေနေရာများကို အတင်းအဓမ္မ သိမ်းယူအသုံးပြုမှု၊ လုပ်သားအင်အား လျှော့ချမှုနှင့် ရေရှားပါးမှုတို့နှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော်မည့် တစ်လကြာ ကမ်ပိန်းတစ်ခုကို စက်တင်ဘာ ၁ ရက်မှစပြီး လုပ်ဆောင်သွားမည်ဟု ပါကစ္စတန်၏ Qaumi Awami Tehreek (QAT) ပါတီ ဥက္ကဋ္ဌ အေယက်ဇ် လက်တစ်ဖ် ပါလီဂျိုက ကြေညာခဲ့သည်။

၎င်းသည် သြဂုတ် ၂၈ ရက်က လုပ်ဆောင်ခဲ့သည့် ၎င်း၏ ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့် ၎င်း၏ပါတီ လုပ်သားများသည် ကနဦး အစာငတ်ခံ ဆန္ဒပြမှုတစ်ခုကိုလည်း လုပ်ဆောင်ခဲ့သည်။

၎င်းတို့ လုပ်မည့် ကမ်ပိန်းအတွင်း ဆန္ဒပြမှုများ လုပ်ဆောင်မည်ဖြစ်သလို အစာငတ်ခံ ဆန္ဒပြမှုများကိုလည်း လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

၎င်းတို့ လုပ်ဆောင်မည့် ကြိုးပမ်းမှုတွင် အချက်လေးချက်ကို အဓိက အာရုံစိုက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး ယင်းတို့မှာ အာဖဂန် ဒုက္ခသည်များ အခြေချနေထိုင်မှု၊ ‘ဆောက်လုပ်ရေးလုပ်ငန်းရှင် မာဖီးယားများနှင့် အခြား အင်စတီကျူးရှင်းများ’ ၏ မြေနေရာ ရယူအသုံးပြုမှုများ၊ ဆင်းန်ပြည်နယ်၏ ရေဝေစုကို လုယက်ခြင်းနှင့် Sui Southern ဂတ်စ်ကုမ္ပဏီနှင့် အခြားအဖွဲ့အစည်းများမှ ဝန်ထမ်း ၁၆,၀၀၀ ခန့်ကို လျှော့ချမှုတို့ ဖြစ်သည်။

ဆိုဗီယက်တပ်များနှင့် ဖြစ်ခဲ့သည့် စစ်ပွဲအတွင်း အာဖဂန်များကို အမေရိကန်တို့က ကူညီပေးထားခဲ့ကြောင်း၊ ယခုအခါ ပြုတ်ကျသွားသည့် သမ္မတ အာရှ်ရက်ဖ် ဂါနီ အစိုးရဆီကနေ တာလီဘန်တို့ အာဏာသိမ်းပြန်ရထားခဲ့ပြီဖြစ်ကြောင်း QAT အကြီးအကဲက ပြောသည်။ ဆင်းန်ပြည်နယ်အစိုးရသည် PPP ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်နေရသည့် ဖြစ်စဥ်များတွင် လိုက်လျောမှုများ လုပ်ရမည့် အစား ဆင်းန်ပြည်နယ်တွင် အာဖဂန် ဒုက္ခသည်များကို အခြေချခွင့်ပေးရန် သဘောတူထားခဲ့သည်ဟု ၎င်းက ပြောသည်။

အာဏာရပါတီသည် ၎င်းတို့ ပြည်နယ်တွင် ဆင်းန်လူမျိုးများကို လူနည်းစုတစ်စု ဖြစ်စေရေး ပြောင်းလဲရန်နှင့် ဆင်းန်ပြည်နယ်ကို “နိုင်ငံတကာ မိဘမဲ့ဂေဟာတစ်ခု” ဖြစ်စေရန် လုပ်ဆောင်နေကြောင်း ၎င်းက မှတ်ချက်ပြုသည်။

အာဖဂန် ဒုက္ခသည်များကို အစ္စလမ်မာဘတ်နှင့် လာဟိုးတို့တွင်မူ နေထိုင်ခွင့် မပြုခဲ့ဟုလည်း မစ္စတာ ပါလီဂျိုက ပြောသည်။ “ဆင်းန်ပြည်နယ်မှာ သူတို့ကို အခြေချခွင့်ပေးတာက လက်ခံနိုင်စရာကို မရှိပါဘူး” ဟု ၎င်းက ပြောခဲ့သည်။ ထို့ပြင် အဆိုပါ အာဖဂန်ဒုက္ခသည်များသည် တရုတ်၊ ရုရှား၊ အီရန် နှင့် အခြားနိုင်ငံများနှင့်အကြား နယ်စပ်များတွင် မည်သည့်အတွက်ကြောင့် အခြေချနေထိုင်ခြင်း မရှိသလဲ ဆိုပြီး ၎င်းက မေးခွန်းထုတ်ခဲ့သည်။

“ဘင်္ဂါလီတွေ၊ ဘီဟာရီတွေ (သောင်တင် ပါကစ္စတန်တွေ) နဲ့ ဗမာတွေ ဘာကြောင့် ဆော်ဒီ အာရေးဗျမှာ အခြေချ မနေထိုင်ကြတာလဲ” ဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ဆင်းန်ပြည်နယ် အစိုးရအနေဖြင့် ကရာချိရှိ ရေဘေးသင့်ပြည်သူများကို နှိမ်နင်းခဲ့သော်လည်း ယခုအခါ အာဖဂန်များကို နေစရာ ပံ့ပိုးပေးရန် အသင့်ဖြစ်နေပုံရသည်ကို မြင်ရသည်မှာ အံ့အားသင့်မိကြောင်း ပါလီဂျိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly