အီးယူ၏ ကုန်သွယ်ရေးပိတ်ဆို့မှုကို ချိုးဖောက်ပြီးအီတလီက မြန်မာနိုင်ငံထံမှ သစ်ဝယ်နေဟု EIA အဖွဲ့ဖော်ထုတ်

အီးယူ၏ ကုန်သွယ်ရေးပိတ်ဆို့မှုကို ချိုးဖောက်ပြီးအီတလီက မြန်မာနိုင်ငံထံမှ သစ်ဝယ်နေဟု EIA အဖွဲ့ဖော်ထုတ်

စစ်အာဏာသိမ်းမှုကြောင့် ဥရောပသမဂ္ဂ အီးယူက မြန်မာအပေါ် ကုန်သွယ်မှု စည်းမျဉ်းများပိတ်ဆို့ခြင်းနှင့် အရေးယူဒဏ်ခတ်ခြင်းများ လုပ်‌ဆောင်‌နေသော်လည်း အီတလီကုန်သည်များက မြန်မာနိုင်ငံမှကျွန်းသစ်များကို ဆက်လက်၍ ဝယ်ယူနေကြောင်း လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA)က ဖော်ထုတ်သည်။ 

EIA အဖွဲ့၏ အစီရင်ခံစာတွင်  မြန်မာနိုင်ငံမှကျွန်းသစ်များဝယ်ယူတင်သွင်းနေသည့် အီတလီ သစ်ကုန်သည် စုစုပေါင်း ၂၇ ဦးရှိကြောင်း ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် သစ်အပါအဝင် တရားမဝင် ကုန်သွယ်မှုများကို ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဆက်၍ ခွင့်ပြုထားကြောင်း EIA ၏ အစီရင်ခံစာက ဆိုသည်။ ၎င်းတို့အဖွဲ့က စုံစမ်းတွေ့ရှိထားသည့် အချက်အလက်များအရ အီတလီကုန်သည်တချို့သည် ယခုနှစ် မတ်၊ ဧပြီ နှင့် မေလအတွင်း မြန်မာနိုင်ငံမှ သစ်ထုတ်ကုန် ယူရို ၁ ဒသမ ၃သန်း မှ ၁ ဒသမ ၅သန်းကြား ဝယ်ယူခဲ့‌ကြောင်းသိရသည်။ 

အဆိုပါ ကိန်းဂဏန်းမှာ ဥရောပသမဂ္ဂ၏ သစ်စည်းမျဉ်းစည်းကမ်း (EUTR) ကို ချိုးဖောက်ရာလည်းရောက်နေသည်။ အီတလီအာဏာပိုင်များ၏ စောင့်ကြည့်မှုအောက်တွင် ယခုကဲ့သို့ စည်းကမ်းချိုးဖောက်သည့် ကုန်သွယ်မှုများကို အစစ်အမေးမရှိသလောက်နီးပါး ဆက်ရှိနေကြောင်း EIAမှ သစ်တောကမ်ပိန်းဆိုင်ရာ ခေါင်းဆောင် ဖေ့သ်ဒိုဟာတီက ပြောသည်။ 
ယခုချိုးဖောက်မှုအတွက် အရေးယူမှုများ ရှိနေပြီဖြစ်သော်လည်း အရေးယူမှုမှာ မဖြစ်စလောက်သာဖြစ်ကြောင်းလည်း ဖေ့သ်ဒိုဟာတီက ဝေဖန်ထားသည်။ 

“ခုချိန်ထိ မဖြစ်စလောက် ဒဏ်ကြေး အနည်းအကျဥ်းလောက်ပဲ ချထားပါတယ်။ ကုမ္ပဏီတွေဟာ သူတို့ ဥပဒေချိုးဖောက်နေတယ်ဆိုတာ တွေ့ရှိထားခဲ့ပေမယ့် ကုန်သွယ်မှုကို ဆက်လုပ်ထားခဲ့ပါတယ်။ မြန်မာ့သစ်နဲ့အခြား ဥပဒေဆိုင်ရာ ပြဿနာတွေအပေါ် တင်းကျပ်စစ်‌ဆေးမှုတွေ ရှိနေပေမယ့် ကုန်သွယ်မှုကတော့ ဆက်ပြီးတော့ပဲ ကြီးထွားလာခဲ့ပါတယ်”ဟု သူက မှတ်ချက်ပြုသည်။ 

EIA အဖွဲ့၏ စုံစမ်းချက်အရ အီတလီ ကုမ္ပဏီတစ်ချို့သည် မြန်မာ့သစ်များအား ဥရောပအတွင်းက အခြားသော နိုင်ငံများသို့ တင်ပို့‌ရောင်းချနေသည်ဟုဆိုသည်။ 

“စစ်အာဏာသိမ်းမှုကို အထောက်အပံ့ဖြစ်စေတဲ့ ငွေကြေးစီးဆင်းမှုတွေကို ကူညီတားဆီးပေးဖို့ မြန်မာပြည်သူတွေဆီကနေ တောင်းဆိုချက်တစ်ရပ် ရှိပါတယ်။ နောက်ပြီး မြန်မာ့သစ်လုပ်ငန်းနဲ့ အာဏာသိမ်းစစ်အုပ်စုကို ထောက်ပံ့နေတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းတွေအပေါ် အရေးယူဒဏ်ခတ်မှုတွေလည်း ရှိထားပါတယ်။ ဒီတော့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အီတလီအနေနဲ့ မြန်မာပြည်သူတွေကို‌ ကျောခိုင်းလျစ်လျူရှုနေတာတွေ ရပ်ဆိုင်းပြီး လေးလေးနက်နက်ရှိဖို့ လိုသလို ဒီလိုမျိုး အရှက်ရဖွယ် အခြေအနေကို ရပ်တန့်စေအောင် လုပ်ဖို့ လိုနေပါပြီ” ဟု ဒိုဟာတီက ပြောကြားလိုက်သည်။ 

အီတလီအခြေစိုက် F LLI Budai ကုမ္ပဏီသည် EUTR ကို ဆန့်ကျင်ချိုးဖောက်ပြီး မြန်မာ့ကျွန်းသစ်ကို တင်သွင်းနေသလို တစ်ချိန်တည်းမှာပင် အီးယူဆီမှ ဖွံ့ဖြိုးရေးရန်ပုံငွေ လက်ခံရယူနေသည်ကို EIAက စစ်ဆေးတွေ့ရှိထားသည်။ 

EIA စုံစမ်းစစ်ဆေးရေးမှူးများနှင့် အဆက်အသွယ် လုပ်ထားခဲ့သည့် ကုန်သည်တစ်ချို့သည် ၎င်းတို့အနေဖြင့် EUTR ကို မလိုက်နာနိုင်ခဲ့သည့်အတွက်  ဝယ်ယူသင့်သည့်ရင်းမြစ်များထံမှ သစ်များ ဝယ်ယူခဲ့သလားဆိုသည်ကို  စစ်‌ဆေးနိုင်ခဲ့ခြင်း မရှိဟု ဝန်ခံခဲ့ကြောင်း EIA ၏ အစီရင်ခံစာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required