တရုတ်၏ အနိုင်ကျင့်မှုနှင့် ရင်ဆိုင်နေရသည့် လစ်သူယေးနီးယားဘက်ကနေ အမေရိကန်နှင့် အီးယူ နိုင်ငံခြားရေးရာ ခေါင်းဆောင် ၁၄ ဦး ထောက်ခံရပ်တည်

By Taiwan News
01 September 2021
တရုတ်၏ အနိုင်ကျင့်မှုနှင့် ရင်ဆိုင်နေရသည့် လစ်သူယေးနီးယားဘက်ကနေ အမေရိကန်နှင့် အီးယူ နိုင်ငံခြားရေးရာ ခေါင်းဆောင် ၁၄ ဦး ထောက်ခံရပ်တည်

ထိုင်ဝမ်နှင့် ဆက်ဆံရေး ထူထောင်ဖွံ့ဖြိုးစေရန် လုပ်ဆောင်မှုအတွက် လစ်သူယေးနီးယားနိုင်ငံအပေါ် တရုတ်ဘက်က ဖိအားပေး လုပ်ဆောင်နေမှုများနှင့်ပတ်သက်ပြီး ပြစ်တင်ဝေဖန်ထားသည့် ထုတ်ပြန်ချက်တစ်စောင်ကို ဥရောပနှင့် အမေရိကန်ရှိ ထိုင်ဝမ် လိုလားသော ဥပဒေပြုအမတ်အုပ်စုတစ်ခုက ထုတ်ပြန်ခဲ့သည်။

ဥရောပနိုင်ငံ ၁၁ ခုမှ နိုင်ငံခြားရေးရာ ကော်မတီများ၏ ဥက္ကဋ္ဌ ၁၃ ဦးနှင့် အမေရိကန် ဆိနိတ် နိုင်ငံခြားဆက်ဆံမှု ကော်မတီ ဥက္ကဋ္ဌ ဘော့ဘ် မန်နန်ဒက်ဇ် တို့က အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ၎င်းတို့အနေဖြင့် တရုတ်ဘက်က လစ်သူယေးနီးယားအပေါ် နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးဖိအားပေးမှုများကို အပြင်းအထန် ရှုတ်ချကြောင်း ပြောခဲ့သည်။ ယင်းသည် ဘော်လတစ်နိုင်ငံက တိုင်ပေတွင် ရုံးတစ်ခု ထူထောင်ရန် ဆုံးဖြတ်ခဲ့မှုနောက်ပိုင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းမတိုင်မီ နှစ်ရက်ခန့်က အဆိုပါ ဥရောပအခြေပြု ဥပဒေပြုအမတ်အုပ်စုသည် ယင်းအနေဖြင့် ထိုင်ဝမ်နှင့်အကြား ဆက်ဆံရေး ထူထောင် ဖွံ့ဖြိုးစေရန်နှင့် ယင်း၏ မြို့တော်တွင် ကုန်သွယ်ရေးရုံးတစ်ရုံး ဖွင့်လှစ်မည့် လစ်သူယေးနီးယား၏ အခွင့်အရေးကို ထောက်ခံကြောင်း အီးယူနှင့် နေတိုးအုပ်စုထံ မက်ဆေ့ချ်များ ပေးပို့ခဲ့သည်။ ယင်းသည် အခြားသော ဥရောပနိုင်ငံ ၁၅ ခုက လုပ်ဆောင်ထားပြီး ဖြစ်သည့်အရာလည်း ဖြစ်သည်။

သြဂုတ် ၂၇ ရက် ထုတ်ပြန်ကြေညာချက်သည် အဆိုပါ အမတ်အုပ်စု၏ ထုတ်ပြန်ချက်အတိုင်း ထင်ဟပ်နေပြီး တရုတ်၏ ရန်လိုသော အပြုအမူကို ပယ်ချထားခဲ့သည်။ ထို့ပြင် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများရှိ တရုတ် ဦးဆောင်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဥ် 17+1 format ကနေ နုတ်ထွက်သည့် လစ်သူယေးနီးယား၏ ဆုံးဖြတ်ချက်၊ အခြားနိုင်ငံများ၏ အချုပ်အချာအာဏာပိုင် ဆုံးဖြတ်ချက်များကိုလည်း ထောက်ခံထားသည်။

၂၀၁၉ ခုနှစ်ကလည်း ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) တွင် ထိုင်ဝမ် ပါဝင်မှုအတွက် တရားဝင် ထောက်ခံကြောင်း လစ်သူယေးနီးယား ပါလီမန်အမတ်အများစုက ထုတ်ဖော်ထားခဲ့ကြသည်။ ရွေးကောက်ခံအစိုးရသစ်၏ ဒီမိုကရေစီ လိုလားသော ခေါင်းဆောင်များကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကျောထောက်နောက်ခံပြုထားသည့် ၎င်းတို့၏ တန်ဖိုးများနှင့် ချိန်ညှိရန် ၂၀၂၀ နိုဝင်ဘာတွင် စတင်တာဝန်ယူပြီးနောက်ပိုင်း ယင်း၏ တရုတ်ဆိုင်ရာ မူဝါဒကို စတင် ပြောင်းလဲထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly