စစ်ကောင်စီက တန့်ဆည်နယ်ရွာသား ၁ ဦးကို ပစ်သတ်ပြီး ရွာသား၁၂ ဦးကိုဖမ်းဆီးထား

စစ်ကောင်စီက တန့်ဆည်နယ်ရွာသား ၁ ဦးကို ပစ်သတ်ပြီး ရွာသား၁၂ ဦးကိုဖမ်းဆီးထား

တန့်ဆည်နယ်အတွင်း စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်ကာ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ရွာသား ၁၂ ဦးအား ဩဂုတ်လ ၃၁ ရက်တွင် ယင်းမြို့နယ်ရှိ မြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာခံများထံမှလသိရသည်။

နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်သည် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၊ လိပ်ခြံရွာ၊ သာပေါင်းကျရွာနှင့်နွားကူးကျေးရွာများသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ 

“အသတ်ခံရတာက လိပ်ခြံရွာသားတစ်ယောက်ပါ၊ သူတို့(စစ်သားတွေ)လာတော့ပြေးကြလွှားကြနဲ့ လူတွေကွဲကုန်ကြတာ၊ သူတို့ပြန်သွားတော့ ရွာမှာ ဘာတွေဖြစ်သွားလဲလိုက်ကြည့်ရင်းနဲ့ သူ့အလောင်းကိုတွေ့တာပါ၊ နောက်စေ့မှာသေနတ်ဒဏ်ရာနဲ့ရွာနားကတောစပ်မှာလဲနေတာ၊ လက်တစ်ချောင်းလည်းကျိုးနေတယ်၊ သူ့ကိုချက်ချင်းပဲမြေချလိုက်ပါတယ်” ဟုလိပ်ခြံရွာသားတစ်ဦးအား စစ်သားများသတ်သွားပုံကို ဒေသခံကပြောသည်။ 

ထို့နောက်စစ်ကောင်စီတပ်သားများသည် သာပေါင်းကျကျေးရွာနှင့်လိပ်ခြံရွာမှ ရွာသား ၁၂ ဦးအား PDF အဖွဲ့ဝင်များဟုစွတ်စွဲကာ ဖမ်းဆီးသွားကြောင်းသိရသည်။ 

ကိုကျော်ထွန်း၊ ဦးသန်းလင်း၊ ကိုပြည့်ဖြိုးအောင်၊ ကိုနိုင်လင်း၊ ကိုနိုင်ဝင်း၊ ကိုဝင်းအေး၊ ကိုနေဦး၊ ကိုမျိုးဝင်း၊ ကိုဝင်းဇော် ကိုချိုလင်း၊ ကိုကျော်လင်းနှင့် ကိုထိုက်ဦးတို့အား တန့်ဆည်မြို့နယ် ရဲစခန်းသို့ ဖမ်းဆီး သွားခြင်းဖြစ်သည်။

“နေ့လယ်ပိုင်းမှာရွာသားတွေထဲက အချို့ကရွာကိုပြန်ပြီး နွားစာ၊ဝက်စာပြန်ကျွေးကြတာအဲဒါကို ဖမ်းသွားကြတာ၊ သေနတ်က ရွာမှာလုံခြုံရေးအဖွဲ့တွေရှိတယ်၊ ကျေးရွာလုံခြုံရေးပေါ့ သူတို့စစ်ဆေးပြီး ဘယ်မှာသေနတ်ရှိလဲဆိုပြီး ဖမ်းသွားကြတာ” ဟုရွာသားများအဖမ်းခံရပုံကို ဒေသခံကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required