တရုတ်၏ စစ်ရေးလှုပ်ရှားမှု မြင့်တက်နေစဥ် ထိုင်ဝမ်က တိုက်လေယာဥ်သစ်များအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ သုံးစွဲရန် စီစဥ်

တရုတ်၏ စစ်ရေးလှုပ်ရှားမှု မြင့်တက်နေစဥ် ထိုင်ဝမ်က တိုက်လေယာဥ်သစ်များအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ သုံးစွဲရန် စီစဥ်

လာမည့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုတွင် အသင့်အတင့် အရှိန်အဟုန်တစ်ခု ရှိမည်ဟု ထိုင်ဝမ်က သြဂုတ် ၂၆ ရက်တွင် ကြေညာခဲ့သော်လည်း တိုက်လေယာဥ်သစ်များအတွက်မူ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။ ပေကျင်းဘက်မှ တိုးမြှင့်ဖိအားပေးမှုနှင့် ရင်ဆိုင်ရစဥ် ထိုင်ဝမ်ကျွန်းအနေဖြင့် ယင်း၏ တပ်ဖွဲ့များကို ‌အထောက်အပံ့ပြု အားဖြည့်လုပ်ဆောင်နေသည်။

တရုတ်သည် ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်ကျွန်းအနီး တိုက်ခိုက်ချေမှုန်းမှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်းအပါအဝင် ထိုင်ဝမ်အနီး ယင်း၏ စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်တင်ထားခဲ့သည်။ တရုတ်သည် ထိုင်ဝမ်ကို ယင်း၏ ထိန်းချုပ်မှုအောက် သွတ်သွင်းရမည့် နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံး သိမ်းပိုက်ရမည်ဟု ဆိုထားသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် အစိုးရသည် ဇန်နဝါရီတွင် စတင်မည့် နှစ်အတွက် စစ်ရေးအသုံးစရိတ် ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံခန့် သုံးစွဲမည်ဟု အဆိုပြုထားရာ ယင်းက ယခုနှစ် ဘတ်ဂျက် ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံကနေ မြင့်တက်သွားခြင်း ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရ၏ ထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။

ထို အသုံးစရိတ် ကိန်းဂဏန်းများထဲတွင် တိုက်လေယာဥ်သစ်များအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အသုံးစရိတ်လည်း ပါဝင်သည်။ အ‌သေးစိတ်အချက်အလက်များကို အစိုးရက ထုတ်ဖော်ခြင်း မရှိသော်လည်း ယင်းသည် F-16 တိုက်လေယာဥ်များ ဖြစ်ဖွယ် ရှိသည်။

အမေရိကန်သည် ထိုင်ဝမ်ကို ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဥ်များ ရောင်းချမှုတစ်ရပ်ကို ၂၀၁၉ ခုနှစ်က အတည်ပြုထားခဲ့ရာ ယင်းသဘောတူညီချက်အရ ထိုင်ဝမ်ကျွန်း၏ အဆိုပါ တိုက်လေယာဥ်စုစုပေါင်းအရေအတွက်ကို အစင်း ၂၀၀ ကျော်အထိ ရှိသွားစေမည်ဖြစ်ရာ ယင်းက အာရှဒေသတွင် အကြီးဆုံး F-16 အုပ်စုလည်း ဖြစ်လိမ့်မည်ဖြစ်သည်။

နှုန်းထား တိုးမြှင့်မှုက ယခုနှစ်အတွက် အသုံးစရိတ်သတ်မှတ်ခဲ့မှု ၁၀ ရာခိုင်နှုန်း မြင့်တက်မှုထက် ပိုမို သေးငယ်နေလိမ့်မည် ဖြစ်ကြောင်း အစိုးရဒေတာများအပေါ် အခြေပြုပြီး ရိုက်တာ၏ တွက်ချက်မှုများအရ သိရသည်။

တရုတ်က မတ်လက ပြောကြားရာတွင် ယင်း၏ ၂၀၂၁ ကာကွယ်ရေးအသုံးစရိတ်သည် ၂၀၂၀ ကထက် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်မည်ဟု ပြောခဲ့သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ဂယက်ရိုက်မှုများကနေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုင်ဝမ်၏ အဆိုပြုထားသည့် ကာကွယ်ရေးဘတ်ဂျက်သည် လာမည့်နှစ်အတွက် တတိယအကြီးဆုံး အစိုးရ အသုံးစရိတ် ဖြစ်ပြီး ယင်း၏ အထက်တွင် လူမှုဖူလုံရေး အသုံးစရိတ်နှင့် ပညာရေး၊ သိပ္ပံနှင့် ယဥ်ကျေးမှုတို့အတွက် စုစုပေါင်း အသုံးစရိတ်တို့ ရှိနေသည်။
ဘတ်ဂျက်ကို ပါလီမန်က အတည်ပြုပေးရလိမ့်မည် ဖြစ်ပြီး ပါလီမန်တွင် သမ္မတဆိုင်၏ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက အမတ်အများစု ရှိနေရာ ယင်းကို အတည်ပြုမှုမှာ အလွယ်တကူ ရှိနေမည် ဖြစ်သည်။

သမ္မတ ဆိုင်သည် ထိုင်ဝမ်၏ စစ်တပ်ကို လက်နက်ကောင်းစွာ တပ်ဆင်ပြီး ခေတ်မီအောင် လုပ်ဆောင်နေကာ ကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေးအဖြစ် တိုးမြှင့်လုပ်ဆောင်ထားသော်လည်း ယင်းသည် တရုတ်၏ စစ်တပ်နှင့် ယှဥ်ပါက သေးငယ်နေသည်။

သမ္မတ ဆိုင်၏ ကြိုးပမ်းလုပ်ဆောင်နေမှု၏ တစိတ်တ‌ဒေသမှာ တရုတ်၏ ကျူးကျော်မှုကို တတ်နိုင်သမျှ ခက်ခဲစေရေးအတွက် ထိုင်ဝမ်ကို အဆင့်မြင့်ပြီး ရွေ့လျားနိုင်မှု မြင့်မားသည့် လက်နက်များ တင်ဆင်ထားသည့် “ဖြူကောင်” သဖွယ် ဖန်တီးခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly