ပါကစ္စတန်တွင် ကျောက်မီးသွေးတွင်းလုပ်သား ၃ ဦး ပစ်သတ်ခံရ

ပါကစ္စတန်တွင် ကျောက်မီးသွေးတွင်းလုပ်သား ၃ ဦး ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ၊ ဘလူချီစတန်ပြည်နယ်ရှိ ကွာတာမြို့မှ ကီလိုမီတာ ၇၀ အကွာရှိ မာဝါကျောက်မီးသွေးတွင်း တွင် အလုပ်လုပ်နေသော ကျောက်မီးသွေးတွင်းအလုပ်သမားသုံးဦးကို လက်နက်ကိုင်တချို့က သြဂုတ်လ ၂၃ရက် ညတွင် ပစ်သတ်လိုက်ကြောင်း လုံခြုံရေးအရာရှိများက သြဂုတ်လ ၂၄ရက်က ပြောကြားခဲ့သည်။

သေဆုံးသူများသည် National Coal Company နှင့် Dinar Coalmines ပုဂ္ဂလိကကျောက်မီးသွေး ကုမ္ပဏီနှစ်ခုတွင် အလုပ်လုပ်နေသည့် အူရာရာမန်၊ ဂူလ် ဟာကင်နှင့် ဝါကီးလ်တို့ဖြစ်ကြသည်။

သေနတ်သမားများသည် ညဘက်တွင် ထိုနေရာသို့ဝင်ရောက်၍ မည်သူမည်ဝါ မခွဲခြားဘဲပစ်ခတ်ခဲ့ရာ ကျောက်မီးသွေးတွင်းလုပ်သား သုံးဦးပွဲချင်းပြီးသေဆုံးခဲ့သည်။

“ ကျည်ဆံဒဏ်ရာအများအပြားရရှိခဲ့တဲ့ လူငယ်သုံးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု ဟာနာရဲစခန်းမှ အကြီးတန်းရဲအရာရှိ ဂူလ်မိုဟာမက်က Dawn သို့ ပြောကြားခဲ့သည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် အလောင်းများကို ဆေးရုံသို့ပို့ဆောင်ခဲ့သည်။

“ ကျည်ဆံဗရပွနဲ့ ရုပ်အလောင်းသုံးလောင်း ဆေးရုံမှာ လက်ခံထားပါတယ်” ဟု အရပ်ဘက်ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဝါဆမ်ဘေးက ပြောကြားခဲ့သည်။

အနီးအနားရှိစစ်ဆေးရေးဂိတ်တွင် တပ်ချထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်ပေါ်ဒေသတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုမရှိသောကြောင့် သတင်းနောက်ကျပြီးရရှိခဲ့သဖြင့် ကျောက်မီးသွေးတွင်း အလုပ်သမားများကို ပစ်သတ်ပြီးနောက် တိုက်ခိုက်သူများသည် ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။

သေဆုံးသွားသူ သုံးဦးအနက် နှစ်ဦးသည် ခိုင်ဘာပတ်ရှ်ဝါပြည်နယ်ရှိ ဆွက်ခရိုင် ဆင်ဂလာဒေသမှဖြစ်ပြီး နောက်တစ်ဦးမှာ ကွာတာမြို့မှဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly