ရှီကျင့်ဖျင်၏ နီအင်ချီသို့ လျှိူ့ဝှက် ခရီးစဉ်-- တိဘက်နှင့် ပတ်သက်၍ စိုးရိမ်တုန်လှုပ်နေသော တရုတ်အစိုးရ

ရှီကျင့်ဖျင်၏ နီအင်ချီသို့ လျှိူ့ဝှက် ခရီးစဉ်-- တိဘက်နှင့် ပတ်သက်၍ စိုးရိမ်တုန်လှုပ်နေသော တရုတ်အစိုးရ

တရုတ်သမ္မတရှီကျင့်ဖျင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်းက တိဘက်ဒေသသို့ ထူးထူးခြားခြား သွားရောက်ခဲ့သည့် ခရီးစဉ်တွင် လျှိူ့ဝှက်မှုများစွာ ရှိနေသည်။ တရုတ်ခေါင်းဆောင်တစ်ဦးက တိဘက်ဒေသသို့ ရှားရှားပါးပါး သွားရောက်ခဲ့သည့် ခရီးတစ်ခုဖြစ်ခဲ့သော်လည်း ယင်းသို့ မသွားရောက်မီက သတင်းတစ်စွန်းတစ်စပင် ထွက်မလာ ခဲ့ပေ။ သူသည် အိန္ဒိယနိုင်ငံ၊ အာရွန်ချယ်ပရာဒေ့ရှ်နှင့် ကပ်လျှက်ရှိသည့် နှစ်နိုင်ငံနယ်စပ်မှ နီရင်ချီစီရင် စုသို့ ဇူလိုင် ၂၁ ရက်တွင် ရောက်ရှိခဲ့သော်လည်း အဆိုပါဒေသမှ သူပြန်လည်ထွက်ခွာပြီး ဇူလိုင် ၂၃ ရက် ရောက်မှသာ ပထမဆုံး သတင်းထွက်ပေါ်ခဲ့သည်။ အိနိ္ဒယ၏ ပြည်နယ်သိုမဟုတ် အစိုးရ ခေါင်းဆောင် တစ်ဦးဦးက နှစ်နိုင်ငံနယ်စပ်သို့ သွားရောက်ရာတွင် သတင်းထုတ်ပြန်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အိန္ဒိယနှင့် တရုတ်တို့အကြား လာဒက်ခ်ပြဿနာ တင်းမာနေချိန်တွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်းက လေးဒေသသို့ သွားရောက်ခဲ့သည့် သတင်းကို လူသိထင်ရှား ထုတ်ပြန်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်သာမဟုတ် အာရွန်ချယ်ပရာဒေ့ရှ်ဒေသသို့ ဒလိုင်းလားမား သွားရောက်ခဲ့သည့် သတင်းသည်လည်း ထင်ရှားသည့် ခရီးစဉ်ဖြစ်ခဲ့သည်။ တိဘက်ဘာသာရေးခေါင်းဆောင်နှင့် ပတ်သက်၍ တရုတ်အစိုးရက စိတ်မချမ်းမသာဖြစ်နေသလို အာရွန်ချယ်ပရာဒေ့ရှ်ဒေသသည် တိဘက်ဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟုဆိုကာ ပိုင်ဆိုင်ကြောင်း မှားယွင်းစွာ ကြေညာထားသော်လည်း ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ၏ သဘောထား (Outlook India) စာအုပ်တွင် အိန္ဒိယ၏ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးက တရုတ်သမ္မတ၏ တိဘက်ဒေသသို့ ခရီးစဉ်သည် ဆိုးရွားလွန်းစွာ လျှိူ့ဝှက်ချက်ဆန်ကြောင်း ဖော်ပြထားသည်။ တိဘက်များကို ဒလိုင်းလားမား၏ မြေကျွန်ယာကျွန်စနစ် အုပ်ချုပ်မှုစနစ်အောက်မှ ကယ်တင်ကာ လွတ်လပ်မှုနှင့် ကြွယ်ဝမှု လမ်းကြောင်းအား ဖန်တီးပေးခြင်းဖြစ်ကြောင်း တရုတ်အစိုးရက သတ်မှတ်ထားသည်မှာ သံသယဖြစ်စရာမရှိပေ။ ယင်းအခြေအနေမျိုးတွင် တရုတ်နိုင်ငံခေါင်းဆောင်၏ ရှားပါးစွာလာရောက်လည်ပတ် သည့်ခရီးစဉ်ကို တိဘက်ပြည်သူများက ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သင့်သလို အနှုတ်လက္ခဏာဆောင်သည့် သတင်းများကို မဟုတ်မှန်ကြောင်း သက်သေပြနိုင်ရန် နိုင်ငံတကာမီဒီယာများကို တရုတ်အစိုးရက တိဘက်ဒေသသို့ ဖိတ်ကြားသင့်ခဲ့သည်။ ယင်းကဲ့သို့ တစ်ခုမှ လုပ်ဆောင်ခြင်းမရှိခဲပေ။ လက်တွေ့အခြေအနေဖြင့် များစွာ ကွာခြားလျှက်ရှိသောကြောင့် ဖြစ်သည်။ တိဘက်လူမျိုးများကို ကယ်တင်ရန် တရုတ်က ၎င်းတို့ဒေသကို သိမ်းပိုက်ခဲ့ခြင်းမဟုတ်ပေ။ တိဘက်ဒေသ၏ ရင်းမြစ်များဖြစ်သည့် တွင်းထွက်၊ရေ စသည့်တို့ကို အသုံးပြုနိုင်ရန်နှင့် အိန္ဒိယ၏ နယ်မြေပိုင်နက်များကို ကျူးကျော်ရာတွင် တိဘက်ဒေသကို ကြားခံအဖြစ် အသုံးချရန် ဖြစ်သည်။

ရှီကျင့်ဖျင်၏ ယခုခရီးစဉ်တွင် အစစ်အမှန်ရည်ရွယ်ချက်သည် အသစ်တည်ဆောက်ထားသည့် လာဆာ-နီအင်ချီ ရထားလမ်းအား စစ်ဆေးရန်ဖြစ်သည်။ ယင်းရထားလမ်းသည် တိဘက်ဒေသနေ ပြည်သူများ၏ အကျိုးစီးပွား အတွက် မဟုတ်ဘဲ တရုတ်အာဏာပိုင်များ ရည်မှန်းထားသည့်အတိုင်း အိန္ဒိယနယ်စပ်သို့ စစ်လက်နက်ပစ္စည်းများ ကို သယ်ဆောင်ပေးရန် ဖြစ်သည်။ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLA ၏ တိဘက်စစ်ဒေသ၏ ပူးပေါင်းတပ်ဖွဲ့ အတွက် အသစ်ခေါ်ယူထားသည့် တပ်သားများအား လေ့ကျင့်ပေးရန် ဩဂုတ်ပထမပတ်တွင် ပို့ဆောင်ခဲ့စဉ်ကပင် အဆိုပါ ရထားလမ်းကို စစ်ရေးအတွက် အသုံးပြုခဲ့သည်။

သူသည် ဗြဟ္မပုတ္တရမြစ် (တိဘက်ဒေသတွင် ယာလွန်-တီဆန်ပို) ပေါ်ရှိ နီယန်တံတားသို့လည်း သွားရောက်ခဲ့သည်။ ယင်းမြစ်ပေါ်တွင် အိန္ဒိယ၏ အကျိုးစီးပွားကို ထိခိုက်စေရန် တရုတ်က ကြီးမားသည့် ဆည်ကြီးတစ်ခု တည်ဆောက်ချင်သည်။ ၎င်းသည် မြို့စီမံခန့်ခွဲရေးခန်းမ၊ ကျေးရွာတစ်ရွာနှင့် ပန်းခြံတစ်ခုတို့ကို လည်း သွားရောက်ကြည့်ရှုခဲ့သည်။ နီအင်ချီတွင် ပြည်သူများက ရှီကျင့်ဖျင်အား ကြိုဆိုနေသည့် ကောင်းမွန်စွာ ပြင်ဆင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို တရုတ်လူမှုမီဒီယာများတွင် ပျံ့နှံ့စေခဲ့သည်။ သူသည် လာဆာသို့ ရထားဖြင့် ပြန်လာကာ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး စစ်ပွဲအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။ သူသည် ဒရီပွန်ဘုန်းကြီးကျောင်း၊ ဘာခေါလမ်းနှင့် ပိုတယ်တာရင်ပြင်တို့ကိုလည်း ခဏတဖြုတ်ဝင်ရောက်ကာ တိဘက်တို့၏ ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ရန် လေ့လာသည့်ပုံစံမျိုး ပြုလုပ်ခဲ့သည်။ အမှန်တကယ်တွင် တရုတ်အစိုးရသည် တိဘက်ဒေသအား နှစ် ၇၀ ကျော် တရားမဝင်သိမ်းပိုက်ခဲ့သည့် ကာလအတွင်း အဆိုပါနေရာများရှိ တိဘက်၏ အနည်းငယ်မျှနောက်ဆုံးကျန်ရစ်သော ယဉ်ကျေးမှုအားလုံးကို ဖယ်ရှားလိုက်ပြီး ဖြစ်သည်။

စာအုပ်ကို ရေးသားခဲ့သူ ဗိုလ်ချုပ်ကြီးက ရှီကျင့်ဖျင်သည် အဆိုပါ ခရီးစဉ်ကို သူပြန်မရောက်မီအချိန်အထိ လျှိူ့ဝှက်ထားခဲ့ခြင်းမှာ သွားရောက်မည့် ခရီးစဉ်အနီးဝန်းကျင်တွင် ဆန္ဒပြမတည်ငြိမ်မှု များ ထပ်မံ ဖြစ်ပေါ်မည် ကို တရုတ်အာဏာပိုင်များက မလိုလားခဲ့ခြင်းကြောင့် ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုကြီးတစ်ခုတွင် တိဘက်လူမျိုးများအား ညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို တရုတ်အစိုးရအနေဖြင့် အလွယ်တကူ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပေ။ သွားရောက်သည့်ခရီးစဉ်အား လျှိူ့ဝှက်ထားခြင်းသည် တိဘက်နှင့် ဝီဂါလူနည်းစုများရှိနေသည့်ဒေသ၌ ၎င်းတို့၏ ခေါင်းဆောင်၏ လုံခြုံရေးအတွက် PLA အနေဖြင့် ယုံကြည်မှုမရှိကြောင်းကို ဖော်ပြနေသည်။ အမှန်တကယ်တွင် ယင်းခရီးစဉ်သည် တိဘက်ဒေသ၌ တရုတ်၏ အားနက်ချက်များရှိနေခြင်းကို သိရှိစေသည်။

တိဘက်ဒေသတွင် မကြာသေးမီက ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်များကြောင့် တရုတ်အစိုးရကို ပိုမိုစိုးရိမ်စေခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဒလိုင်းလားမားအား အသိအမှတ်ပြုခြင်းသည် ကျဆင်းသွားသည့်လက္ခဏာမရှိပေ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက်က ကျရောက်ခဲ့သည့် ဒလိုင်းလားမား၏ မွေးနေ့တွင် အမေရိကန်ထိပ်တန်းခေါင်း ဆောင်များက ဒလိုင်းလားမားကို နွေးထွေးစွာ နှုတ်ဆက်ခဲ့သည်။ “သူ့ရဲ့ မြင့်မြတ်စင်ကြယ်မှာဟာ ကမ္ဘာပေါ်က လူအများအပြားအတွက် ခွန်အားတစ်ရပ် ဖြစ်စေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင် ကန်က ပြောကြားခဲ့သည်။ “တိဘက်ပြည်သူတွေ၊ တိဘက်မိတ်ဆွေတွေနဲ့အတူ သူတော်စင်ကြီးကို နွေးထွေးတဲ့ မွေးနေ့ဆုတောင်းပေးရလို့ ဂုဏ်ယူဝမ်းမြောက်ပါတယ်” ဟု အောက်လွှတ်တော်ဥက္ကဌနန်စီပယ်လိုစီကလည်း ပြောကြားခဲ့သည်။ သူမသည် ဒလိုင်းလားမားကို ဟိုးယခင်ကပင် ရိုသေလေးစားသူတစ်ဦးဖြစ်သလို တိဘက်လူမျိုးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးသူ ထင်ရှားသည့် မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီကလည်း ဒလိုင်းလားမား၏ မွေးနေ့တွင် ဆုတောင်းစကားပေးပို့ခဲ့သည်။

တရုတ်အနေဖြင့် စိတ်ပျက်ရသည့် အကြောင်းအရာတစ်ခုက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင် ကန်က ဇူလို်ငလကုန်ပိုင်းအတွင်း နယူးဒေလီသို့ ခဏတာ လာရောက်စဉ်ကာလအတွင်း အဝေရောက်တိဘက်အစိုးရအရာရှိတစ်ဦးဖြစ်သူ ဒလိုင်းလားမား ငိုဒပ်ဒေါင်ချွန်၏ ကိုယ်စားလှယ်တစ်ဦးနှင့် သီးခြား တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုသည် ဂျိုးဘိုင်ဒင်အစိုးရက တိဘက်တို့ကို ဆက်လက်ထောက်ခံနေ ကြောင်း တရုတ်ကို အချက်ပြလိုက်ခြင်းမှာ သိသာထင်ရှားသည်။ အဆိုပါ တွေ့ဆုံမှုအပေါ် ထွက်ရှိလာသည့် သတင်းများတွင် ဒေါင်ချွန်က အမေရိကန်အစိုးရအနေဖြင့် တိဘက်တို့၏ လှုပ်ရှားမှုကို ဆက်လက်ထောက်ခံမှု အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ အခြားတိဘက်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂီရှေးဒိုဂျီဒမ်ဒူသည်လည်း နယူးဒေလီ၌ ဘလင်ကန်ကျင်းပခဲ့သည့် စားပွဲဝိုင်းတွေ့ဆုံပွဲသို့ အခြားလူမှုရေးအဖွဲ့ဝင် ၇ ဦးတို့နှင့်အတူ တက်ရောက်ခဲ့သည်။ တရုတ်အစိုးရက ဒေါသတကြီး တုံ့ပြန်ခဲ့သော်လည်း မည်သို့မျှ မလုပ်ဆောင်နိုင်ခဲ့ပေ။ ယင်းတွေ့ဆုံမှုသည် တိဘက်လွတ်လပ်ရေးကို ထောက်ခံကြောင်းနှင့် တရုတ်မှခွဲထွက်ရေးတို့အတွက် ဘလင်ကန်က အစီအစဉ်သစ်ကို တွေ့မြင်သတိပြုမိခြင်း ဖြစ်သည်။

တရုတ်အတွက် နောက်ထပ်စိုးရိမ်စရာ ဖြစ်လာစေသည့်အချက်မှာ တိဘက်၏ လွတ်လပ်ရေးလှုပ်ရှားမှုကို ထောက်ခံသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော အိန္ဒိယ-တိဘက် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (ITCF) က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်ကို တရုတ်က အာရွန်ချယ်ပရာဒေ့ရှ်ဒေသအား ၁၉၆၂ ခုနှစ်တွင်လည်းကောင်း၊ လာဒက်ခ်ဒေသအား ၂၀၂၀ ပြည့်နှစ်တွင် လည်းကောင်း ကျူးကျော်ဝင်ရောက်မှု အပေါ် ကန့်ကွက်သည့် နေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်အနေဖြင့် အမျက်ဒေါသပိုမိုမြင့်တက်စေမည့် အချက်မှာ အိန္ဒိယ-တိဘက် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (ITCF) တွင် တရုတ်က သိမ်းပိုက်ရန် အရေးကြီးဆုံး ပစ်မှတ်ဖြစ် သည့် အာရွန်ချယ်ပရာဒေ့ရှ်ဒေသရှိ မဟာဗျူဟာအရ အရေးပါသော တာဝမ်မြို့တွင် အခမ်းအနားတစ်ခုကို ကျင်းပပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါမြို့သည် အောက်ဖက်သို့ ဆင်းလာပါက ဗြဟ္မပုတ္တရတောင်ကြားသို့ လွယ်ကူစွာ ရောက်နိုင်သည်သာမက ဘူတန်နိုင်ငံကလည်း တိုက်ခိုက်မှု မလုပ်နိုင်စေရန် ဖိအားပေးနိုင်သည်။ ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဒလိုင်းလားမားအား မွေးနေ့ဆုတောင်းပေးပို့ခြင်းကြောင့်လည်း တိဘက်တို့အတွက် အားတက်စရာ ဖြစ်ခဲ့သည်။ ယင်းသို့ လုပ်ဆောင် ခြင်းသည် တိဘက်လူမျိုးသန်းပေါင်းများစွာအတွက် မျှော်လင့်ချက်အသစ်များ ဖြစ်လာစေခဲ့သည်ဟု ITCF ကို စီစဉ်ကျင်းပသူ အာရ်ကေခရီမီက ပြောကြားခဲ့သည်။ တိဘက်ပြဿနာကို မဖြေရှင်းနိုင်သရွေ့၊ ဒလိုင်းလားမားအနေဖြင့် ကိုယ်ပို်ငအုပ်ချုပ်ခွင့်အာဏာ လုံလောက်စွာဖြင့် ပိုတာလာနန်းတော်သို့ ပြန်မလာနိုင်သရွေ့ တရုတ်နှင့် အိနိ္ဒယတို့အကြား ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ITCF က ယုံကြည်ထားသည်။

ဗဟိုတိဘက်အုပ်ချုပ်ရေးအဖွဲ့၏ ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံထားရသည့် ဆစ်ယောင်ပန်ပါဆာရင်သည်လည်း အောက်တိုဘာ ၂၀ ရက်တွင် ကျင်းပမည့် ဆာဝမ်အခမ်းအနားသို့ တက်ရောက်ဖွယ်ရှိသည်။ ပန်ပါဆာရင်အား ဆစ်ယောင်ရာထူးအတွက် ထိုစဉ်က ယာယီတာဝန်ယူထားသူလော့ဆန် စန်ဂေးထံမှ တိဘက် ရွေးကောက်ပွဲအဖွဲ့၏ ကမ္ဘာအဝှမ်းရှိ စုပေါင်းမဲများဖြင့် ရွေးချယ်ပြီး ချောမွေ့စွာ တာဝန်လွှဲယူနိုင်လိုက်ခြင်းက တိဘက်အဝေးရောက်အစိုးရသည် တိဘက်လူမျိုးတို့၏ လှုပ်ရှားမှုများတွင် ဦးဆောင်နိုင်သောအရည်အချင်းရှိသည့် ညီညွတ်စနစ်ကျသော အဖွဲ့အစည်းဖြစ်ကြောင်းကို တရုတ်အား သိစေခဲ့သည်။ အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် နယ်စပ်ပြဿနာအတွင်း ၂၀၂၀ ပြည့်နှစ်က ပန်ဂေါင်တီဆိုမြို့အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် တိဘက်ဒုက္ခသည်တစ်ဦးအဖြစ် လေးဒေသတွင် နေထိုင်သည့် ညီမာတန်ဇင် သေဆုံးခဲ့ရာ တိဘက်တို့က အိနိ္ဒိယစစ်တပ်၏ အထူးရှေ့တန်းတပ်ဖွဲ့တွင် ပါဝင်နေခြင်းကို လူသိရှင်ကြား သိရှိစေခဲ့သလို တိဘက်လူမျိုးတို့က ၎င်းတို့၏ အရေးအတွက် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ကို တရုတ်အစိုးရအား သိရှိစေခြင်းပင် ဖြစ်သည်။ BJP ပါတီအကြီးအကဲတစ်ဦးဖြစ်သူ ရမ်မာဓက်က လေးမြို့တွင် ကျင်းပသည့် တန်ဇင်၏ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့သလို အခြားပြည်သူများနှင့်အတူ စစ်တပ်၏ ဂုဏ်ပြုအခမ်းအနားကိုလည်း အပြည့်အဝ လု်ပဆောင်ပေးခဲ့သည်။ ထို့ကြောင့် ရှီကျင့်ဖျင် တိဘက်ဒေသသို့ သွားရောက်သည့်ခရီးစဉ်သည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်မှာ အံ့ဩဖွယ်ရာမဟုတ်တော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly