နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထားမည် မဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထားမည် မဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဩဂုတ် ၂၇

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖြစ်မှ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းသည် နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထားရန်အတွက် မဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ (ဩဂုတ် ၂၇ ရက်) မွန်းလွဲပိုင်းက ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အိမ်စောင့်အစိုးရဆိုတဲ့ အခေါ်အဝေါ်အတိုင်း နိုင်ငံတော်တာဝန်ကို ရေရှည်ရယူထားမယ့် အစိုးရ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီး ပိုမိုထိရောက် လွယ်ကူအောင် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်၂၃ ရက်အထိ အာဏာသိမ်းထားမည်ဖြစ်ပြီး ယင်းနောက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးသွားရန် အာမခံကြောင်း ၎င်းက ဆိုသည်။

“ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက အိမ်စောင့်အစိုးရအဖွဲ့ကို ယခုလ ဩဂုတ် ၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ရယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly