ချင်းလူမျိုးအရေအတွက် မှားယွင်းနေမှု ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ တင်ပြမည်

ချင်းလူမျိုးအရေအတွက် မှားယွင်းနေမှု ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ တင်ပြမည်
ဓာတ်ပုံ-မျိုးသူအောင်

မြန်မာနိုင်ငံ ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ခဲ့သည့် ချင်းလူမျိုးအရည်အတွက် မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်နိုင်ရန်သန်းခေါင်စာရင်း အမျိုးသားအဆင့် အကြံပေးကော်မတီအစည်းအဝေး သို့တင်ပြသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)၏ ညှိနှိုင်းရေးမှူး ဆလိုင်း အိုက်ဇက်ခင်ကပြောသည်။

၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်ကောက်ယူရာတွင်ချင်းလူမျိုးများအား  ၅၃ မျိုး ပိုင်းခြားကာ ကောက်ယူခဲခြင်းကြောင့် နားလည်မှုလွဲမှားခြင်း၊ စိုးရိမ်စိတ်များဖြစ်ပေါ်ကာ အချင်းချင်း စိတ်ဝမ်းကွဲမှုများနှင့် ရင်ဆိုင်နေရကြောင်း လည်း ၎င်းက ပြောသည်။

သန်းခေါင်စာရင်းကော်မရှင်က  ထုတ်ပြန်ခဲ့သည့် ချင်းလူမျိုး ၅၃ မျိုးတွင်နာဂအပါအဝင် နာဂမျိုးနွယ်စု လေး ခု၊ မဏိပူရမျိုးနွယ်စုတစ်ခု၊နေပါလီမျိုးနွယ်စု တစ်ခုပါဝင်နေပြီး အတည်မပြုနိုင်သည့် မျိုးနွယ်စုနှစ်ခု ပါဝင် နေသည့်အပြင် ချင်းမျိုးနွယ်စု လေးခုအားနှစ်ကြိမ်စီရေးသားဖော်ပြထားခြင်း၊ မျိုးနွယ်စုအမည်မဟုတ်ပဲ ဒေသမြို့အမည်များ ကို အမျိုးအမည်အဖြစ် ရေးသားထားခြင်းများကိုစိစစ်တွေ့ရှိရကြောင်း သိရသည်။

"  တွေ့ရှိချက်တွေကို လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ လုပ်မယ့်သန်းခေါင်စာရင်း အမျိုးသားအဆင့် အကြံပေး ကော်မတီ အစည်းဝေးမှာတင်ပြသွားမှာပါ။ ကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေကို သန်းခေါင် စာရင်း ကော်မရှင်က လက်ခံမယ်လို့ထင်ပါတယ်"ဟု ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)၏ ပဏာမ လေ့ လာတွေ့ရှိချက်များအရချင်းမျိုးနွယ်စု ၃၆ မျိုးသာတွေ့ရှိရပြီး ယင်း ၃၆မျိုးတွင်မျိုးနွယ်စုများ၊ ဆွေ မျိုးစုများ၊ မျိုးတူစုများရောနှောပါဝင်နေသည့်အတွက်ချင်းလူမျိုး (၃၆)မျိုးရှိသည်ဟုလည်း မပြောဆိုနိုင် ကြောင်း အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်ကပြောသည်။

" ချင်း ၅၃ မျိုးရှိတယ်ဆိုတာက မပြည့်စုံဘူး မှားနေတာတွေရှိတယ်ဆိုတာကို ပြောပြချင်တာပါ။ တကယ် လည်းပဲ နာမည်တူနေတာတွေရှိတယ်။ နောက်တစ်ခါ မှားနေတာတွေ ရှိတယ်။ လိုတာတွေတော့ ကျွန်တော် တို့ ထပ်မဖြည့်တော့ဘူး။သူတို့ ပြောထာ းတဲ့ ၅၃ ထဲ ကပဲ တူနေတာတွေရယ် မှားနေတာတွေရယ်ကို ပြင်ဆင်လိုက်တဲ့အခါ မှာ ၃၆ မျိုးထွက်လာတယ်။ လေ့လာဆန်းစစ်မှုတွေ ထပ်လုပ်ပါ မယ်။အဲဒီကတွေ့ရှိလာတဲ့ အချက်တွေကို ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကိုတင်ပြမယ်"ဟု ဆလိုင်းအောင်မင်းလှိုင်က ပြောသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီ(CNACC)အနေဖြင့် ချင်း မျိုးနွယ်စုအရေအတွက်နှင့်ပတ်သက်၍သော် လည်းကောင်း၊ ၂၀၁၆ နှစ်ဆန်းပိုင်းတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်က ထုတ်ပြန်မည့် တိုင်းရင်းသားလူမျိုး အမည်စာရင်းရရှိသောအခါချင်းလူမျိုးများ အကြား မလို လားအပ်သော ရှုပ်ထွေးမှုများထပ်မံမဖြစ်ပေါ်လာစေရန် ချင်းပြည်နယ် အတွင်းအပြင် ဒေသအချို့တွင် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးညှိနှိုင်းပွဲများကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ်မတူပီ၊ မင်းတပ်၊ကန်ပက်လက်၊ ပလပ်ဝ၊ ကလေးမြို့ စသည့် မြို့များတွင်ဆောင်ရွက်ပြီး လေ့လာတွေ့ရှိချက်များကို ချင်းပြည်နယ်လွှတ်တော်နှင့်ဗဟိုသန်းခေါင်စာရင်း ကော်မရှင်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly