ရုရှဟာ ‘ကျူးကျော်သူ နိုင်ငံ’ ပဲလို့ ယူကရိန်း သမ္မတ အပြင်းအထန် ဝေဖန်

ရုရှဟာ ‘ကျူးကျော်သူ နိုင်ငံ’ ပဲလို့ ယူကရိန်း သမ္မတ အပြင်းအထန် ဝေဖန်
Photo-AFP

ခရိုင်းမီးယားကို ရုရှ ‘သိမ်းပိုက်မှု’  အဆုံးသတ်ရေး ကြိုးပမ်းတဲ့ ထိပ်သီးညီလာခံ အပိတ်မိန့်ခွန်းမှာ ယူကရိန်းသမ္မတ ဗော်လော့ဒီမား ဇယ်လန်စကီက ခရိုင်းမီးယား မူဝါဒ ကြေညာစာတမ်းကို တင်ပြခဲ့ပြီး ရုရှနိုင်ငံဟာ နိုင်ငံတကာအဆင့်အရ ‘ကျူးကျော်သူ နိုင်ငံ’ လို့ အပြင်းအထန် ပြောဆိုဝေဖန်ခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ခုနစ်နှစ်က ရုရှ ကျူးကျော်သိမ်းပိုက်ခဲ့တဲ ခရိုင်းမီးယားကျွန်းဆွယ် လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အခု ညီလာခံ ဖွင့်ပွဲမှာ တက်ရောက်ပါဝင်ဖို့ နိုင်ငံပေါင်း ၄၀ ကျော်ထက်မနည်းဟာ ယူကရိန်းနိုင်ငံဆီ ကိုယ်စားလှယ်တွေ  စေလွှတ်ခဲ့ပါတယ်။ 

“အခု ညီလာခံနဲ့ အတည်ပြုထားတဲ့ ဒီ ကြေညာစာတမ်းကို ဖြစ်နိုင်သမျှ တိုတိုတောင်းတောင်းနဲ့ မှန်မှန်ကန်ကန် ဘယ်လို ရည်ညွှန်းပြောဆိုရမလဲဆိုတာ ကျွန်တော် တွေးတယ်၊ စကားလုံး လေးလုံးနဲ့ လုံလောက်ပါတယ် ‘ခရိုင်းမီးယား အရေးက ပြည်ဖုံးကာ မချသွားဘူး’ ဆိုတာပဲ၊ ဒါမှမဟုတ် ရတယ် ‘ခရိုင်းမီးယားဟာ ယူကရိန်း အပိုင်ပဲ’လို့ စကားလုံး သုံးလုံးထဲနဲ့လည်း ဖော်ပြလို့ရတယ်”လို့ ဇယ်လန်စကီက ပြောပါတယ်။ 

“နိုင်ငံတကာအဆင့်မှာ ပထမဆုံးအဖြစ် ရုရှနိုင်ငံကို ကျူးကျော်သူ နိုင်ငံအဖြစ် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေးဥပဒေ စံနှုန်းတွေအရ ယာယီ သိမ်းပိုက်ခံထားရတဲ့ ခရိုင်းမီးယားက လူအခွင့်အရေး ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပစ်ရမှာ ဖြစ်တယ်”ဆိုပြီး သူက ပြောပါတယ်။ 

ခရိုင်းမီးယားကို ပြန်လည်သိမ်းယူဆောင်ကြဉ်းနိုင်ရေးမှာ နိုင်ငံတကာ အထောက်အကူ မပါဘဲ ယူကရိန်း တစ်နိုင်ငံတည်း ဘယ်တော့မှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဇယ်လန်စကီက ဝန်ခံပြောဆိုပါတယ်။ ယူကရိန်းမှာ ၂၀၁၄ ခုနှစ်က အနောက်အုပ်စု ထောက်ခံတဲ့ ဆန္ဒပြသူတွေက ရုရှကျောထောက်နောက်ခံ သမ္မတ ဗစ်တာ ယန်နုကိုဗစ်ရှ်ကို ဖြုတ်ချလိုက်တဲ့နောက် ရုရှဟာ ခရိုင်းမီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ခဲ့တာပါ။ 

ခရိုင်းမီးယားကို သိမ်းပိုက်ရုံတင်မက ယူကရိန်းအရှေ့ပိုင်းက လက်နက်ကိုင် ခွဲထွက်ရေးသမားတွေကို ရုရှဟာ အားပေးအားမြှောက် ပြုနေခဲ့တာကြောင့် ဆိုဗီယက်ပြည်ထောင်စုဟောင်း နှစ်နိုင်ငံကြား ဆက်ဆံရေးက သိသာဆိုးဝါးစွာ ယိုယွင်းလာခဲ့ပါတယ်။  

ခွဲထွက်ရေးသမားတွေကို တပ်ကူအားဖြည့်ဖို့ ရုရှဟာ တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေ စေလွှတ်ပေးပို့နေတယ်လို့ ယူကရိန်းနဲ့ သူ့ အနောက်မဟာမိတ်တွေက စွပ်စွဲသလို ပဋိပက္ခကို မီးထိုးဖို့အတွက် ဝါဒဖြန့်လက်နက်အဖြစ် ရုရှဟာ မီဒီယာကို အသုံးချနေတယ်လို့လည်း ပြောဆိုကြပါတယ်။ 

ဝါဒဖြန့်လှုံ့ဆော်နေတယ်လို့ အိမ်နီးချင်း ရုရှနိုင်ငံကို စွပ်စွဲရင်း ဒဏ်ခတ်ပိတ်ဆို့မှု နောက်ဆုံး အသုတ်အဖြစ် ယူကရိန်းနိုင်ငံဟာ နာမည်ရ ရုရှမီဒီယာအချို့ရဲ့ ဝက်ဘ်ဆိုက်တွေကို တနင်္လာနေ့မှာ ပိတ်ပင်ခဲ့ပါတယ်။ 

အခု ယူကရိန်းရဲ့ လုပ်ရပ်ဟာ ‘လွတ်လပ်စွာ ပြောဆိုခွင့်ကို နှိပ်ကွပ်တဲ့’ လမ်းကြောင်းပေါ် ရောက်လာခဲ့ပြီး ‘စိတ်အလိုအတိုင်းမဟုတ်တဲ့၊ နာလိုခံခက်တဲ့’ သတင်းအချက်အလက်တွေကို ကန့်သတ်လာတာပဲ ဖြစ်တယ်လို့ ရုရှက ဝေဖန်ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly