ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်ကို လက်ဆွဲနှုတ်ဆက်ရန် ကလော့ပ်ငြင်းဆန်

ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်ကို လက်ဆွဲနှုတ်ဆက်ရန် ကလော့ပ်ငြင်းဆန်

ဒီဇင်ဘာ ၁၄၊ လီဗာပူးလ် ။            ။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်သည် ဝက်စ်ဘရွန်းနှင့်ပွဲအပြီးတွင် ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်ကိုလက်ဆွဲနှုတ်ဆက်ရန်ငြင်းဆန်ခဲ့ပြီး ပွဲအချိန်အတွင်း အပြန်အလှန်ပြောဆိုမှုများလည်းရှိကြောင်း ဝန်ခံလိုက်သည်။

လီဗာပူးလ်အသင်းသည် အန်ဖီးလ်ကွင်းတွင် ဝက်စ်ဘရွန်းနှင့် နှစ်ဂိုးစီသရေကျခဲ့ပြီး ဂတ်နာ၏ဖျက်ထုတ်မှုကြောင့် လိုဗရန်ဒူးဒဏ်ရာရပြီး ထမ်းစင်ဖြင့်ထွက်သွားရသည့်အတွက်လည်း ကတောက်ကဆဖြစ် ခဲ့သည်။

ဝက်စ်ဘရွန်းကွင်းလယ်ကစားသမား၏ ဖျက်ထုတ်မှုအတွက် ကလော့ပ်သည် ဒေါသထွက်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် ယင်းကစားသမား၏တာဝန်ယူမှုအတွက် ခွင့်လွှတ်ခဲ့သည်။ သို့သော်ပွဲအပြီး တွင် ပြိုင်ဘက်ကိုလက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့ပြီး စိတ်ပြေရန်အချိန်လိုသည်ဟု ကလော့ပ်က ပြောသည်။

"အဲဒီလို လက်ဆွဲနှုတ်ဆက်ရမယ်ဆိုတဲ့ အမှတ်သညာတွေရှိဖို့ ကျွန်တော့်မှာ ပါရမီပါမလာပါဘူး။ ကျွန်တော်ဘောလုံးအကြောင်းပဲ ပြောတတ်တယ်။ ကျွန်တော့်အသင်းဆီကို သွားချင်ခဲ့တယ်။ အဲဒီတော့ သတင်းတစ်ပုဒ်ဖြစ်သွားတာပေါ့။ ပွဲချိန်အတွင်းမှာ ကျွန်တော်တို့ အပြန်အလှန်ပြောတာတွေ ရှိခဲ့တယ်။ပြီးတော့ စိတ်ထိန်းနိုင်ဖို့ကစက္ကန့်အနည်းငယ်ထက် အချိန်ပိုယူရတတ်တယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်လက်ဆွဲနှုတ်ဆက်ပါတယ်။ ဒါက ချစ်ကြည်ရေးခြေစမ်းပွဲတစ်ခုတော့ မဟုတ်ခဲ့ဘူး" ဟု ကလော့ပ်က ပြောသည်။

လီဗာပူးလ်အသင်းသည် ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၆ မိနစ်တွင်မှ အိုရီဂီချေပဂိုးကြောင့် သရေတစ်မှတ်ပြန်ရခဲ့ပြီး ယင်းဂိုး အပေါ် ကလော့ပ်က အားပါးတရအောင်ပွဲခံခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly