သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုထပ်တိုးမည်

သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုထပ်တိုးမည်

ဩဂုတ် ၂၃

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာသိမ်းစစ်ကောင်စီဘက်က နောက်ထပ်အမှုအရေအတွက်ထပ်တိုး တရားစွဲရန် ပြင်ဆင်နေသည်။

သမ္မတနှင့် အတိုင်ပင်ခံတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော်တွင် ဖော်ထုတ်ခဲ့သည့် မြေကွက်များနှင့် ပတ်သက်၍ အဂတိလိုက်စားမှုပြုခဲ့သည်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားခြင်းဖြစ်သည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်တည်ရှိသော စီးပွားရေးဇုန်မြေကွက် ၄၄ ကွက်ကို တစ်ကွက်လျှင် သိန်း ၅၀၀ နှုန်းဖြင့် ချထားပေးခဲ့ခြင်းသည် ကာလပေါက်ဈေးထက်များစွာလျော့နည်း၍ နိုင်ငံတော်အတွက်ဆုံးရှုံးသည်ဆိုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့သည့် စစ်ကောင်စီဘက်ကစွပ်စွဲသည်။

ထပ်တိုးအမှုမည်မျှဖြစ်လာမည်ကိုမသိရသေးသော်လည်း တရားရုံးကလက်ခံလျှင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးမှာပင် ရင်ဆိုင်ရမှာဖြစ်သည်။

လက်ရှိတွင် သမ္မတ ဦးဝင်းမြင့်ကိုစွဲဆိုထားသော အမှုနှစ်ခု၊ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခဏထပ်တိုးခဲ့သည့် စွဲဆိုထားသောအမှု ၁၀ ခုရှိပြီး တစ်ပတ်လျှင် နှစ်ရက် ပုံမှန် စစ်ဆေးခဲ့သော်လည်း COVID-19 ကူးစက်မှုမြင့်မားနေခြင်းကို အကြောင်းပြကာ ရုံးထုတ်စစ်ဆေးနေမှုများ သီတင်းပတ်ခြောက်ပတ်ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် နောက်ထပ်ရုံးချိန်းကိုလည်း စက်တင်ဘာ ၆ ရက်နေ့နှင့် ၇ ရက်နေ့များသို့ချိန်းဆိုထားပြန်သည်။

နိုင်ငံအကြီးအကဲများ၏ ရှေ့နေများအဖွဲ့ကတော့ အမှုသည်နှင့်တွေ့ဆုံ၍ အမှုကိစ္စများတိုင်ပင်ဆွေးနွေးရန် တောင်းဆိုသွားမည်ဟု ရှေ့နေ ဦးခင်မောင်ဇော်အပြောအရ သိရသည်။ လက်ရှိတွင်တော့ ကြားခံလူ ဒုတိယရဲမှူးကြီး တစ်ဦးကို တွေ့ဆုံခွင့်ရရှိရန် နှုတ်ဖြင့် ကနဦး ပြောဆိုထားပြီးဖြစ်သည်။

“ ကျွန်တော်တို့ ရှေ့နေတွေနဲ့ အမှုသည်နဲ့ တွေ့ဖို့လျှောက်မှာပါ။ ကျွန်တော်တို့က နောက်ထပ်စွဲလိုက်တဲ့ အမှုအတွက် မေးစရာ မြန်းစရာ ပါဝါယူဖို့ရာရှိတယ်။ စာမတင်ရသေးဘူး။ တင်တာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကိုတင်ရမှာပေါ့။ ” ဟု ဦးခင်မောင်ဇော်က ဆိုသည်။

စစ်အုပ်စုက လူထုမဲဆန္ဒဖြင့်ရွေးချယ်တင်မြှောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ရက်ပေါင်း ၁၉၀ ကျော်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required