အာရှခရီးစဉ်ထွက်ခွာလာတဲ့ အမေရိကန်ဒုသမ္မတ စင်္ကာပူကို ရောက်ရှိ

အာရှခရီးစဉ်ထွက်ခွာလာတဲ့ အမေရိကန်ဒုသမ္မတ စင်္ကာပူကို ရောက်ရှိ
Photo - AFP

ဩဂုတ် ၂၂

အာရှခရီးစဉ် စတင်ထွက်ခွာလာတဲ့ အမေရိကန် ဒုသမ္မတ ကာမလာ ဟားရစ်ဟာ သြဂုတ် ၂၂ ရက်မှာ စင်္ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

Air Force Two လေယာဉ်ပေါ်ကနေ ဆင်းလာတဲ့ အနက်ရောင်ဝတ်စုံနဲ့ နှာခေါင်းစည်းတပ်ထားတဲ့ ကာမလာ ဟားရစ်ကို စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်နဲ့ အခြားအရာရှိကြီးတွေက ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန် ဒုသမ္မတကတော့ သူမရဲ့ ယခုအာရှခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးရင် ဗီယက်နမ်ကို ဆက်လက်ထွက်ခွာဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ အာဖဂန်နစ္စတန်မှာ ပရမ်းပတာဖြစ်ခဲ့တဲ့ အမေရိကန်တပ်တွေ ရုပ်သိမ်းမှုနဲ့အတူ တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်သွားခဲ့မှုတို့နောက်ပိုင်း အမေရိကန် ဒုသမ္မတဟာ ယခု သူမရဲ့ အာရှခရီးစဉ်အတွင်း အာရှဒေသနဲ့ပတ်သက်လို့ ဝါရှင်တန်ရဲ့ ကတိကဝတ်တွေကို အာမခံသွားဖို့ ရှိနေပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တရားသေအယူကိုင်ဆွဲတဲ့ အစ္စလမ္မစ် တာလီဘန်အဖွဲ့က ပြီးခဲ့တဲ့ အပတ်က အာဏာပြန်ရခဲ့ပြီး ယင်းနိုင်ငံကနေ လူပေါင်း ထောင်နဲ့ချီ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ ဝရုန်းသုန်းကားမြင်ကွင်းတွေ ထွက်ပေါ်ခဲ့မှုက အမေရိကန်ရဲ့ ကမ္ဘာ့ စူပါ ပါဝါအဖြစ် ရပ်တည်မှု အနေအထားအပေါ် ထိခိုက်မှု ဖြစ်ထားစေခဲ့ပါတယ်။

ဒါပေမယ့်လည်း ကာမလာ ဟားရစ်အနေနဲ့ ယခု သူမရဲ့ ခရီးစဉ်အတွင်း အမေရိကန်အပေါ် ယုံကြည်အားထားနိုင်မှုနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်စေဖို့ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

“မိမိတို့အနေနဲ့ ဒီဒေသအပေါ်မှာ တည်တံ့ခိုင်မြဲတဲ့ ကတိကဝတ် ထားရှိတယ်ဆိုတာကို ဒုသမ္မတက ဒီခရီးစဉ်အတွင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်မှာ ဖြစ်ပါတယ်” လို့ အမေရိကန် အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

အိန္ဒိယဇာတိ မိခင်ဖြစ်သူကနေ မွေးဖွားခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဒုသမ္မတ ဟားရစ်ဟာ သြဂုတ် ၂၂ ရက်မှာ စင်္ကာပူကို ရောက်ရှိလာခဲ့ပြီးနောက် သြဂုတ် ၂၃ ရက်မှာ စင်္ကာပူ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သူမ ဗီယက်နမ်ကို သွားမယ့် ခရီးအပေါ်မှာတော့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ အမေရိကန် တပ်တွေ ကဘူးလ်လေဆိပ်ကနေ အမေရိကန်နိုင်ငံသားတွေ၊ အခြားနိုင်ငံခြားသားတွေနဲ့ အာဖဂန်မဟာမိတ်တွေကို ကယ်ထုတ်ရွှေ့ပြောင်းဖို့ အပြင်းအထန် လုပ်ဆောင်နေရချိန် ခုလိုမျိုး ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်ကို သွားရောက်ဖို့ ရှိနေမှုအတွက် ဟားရစ်ဟာ အခြေအနေအချိန်အခါ ခွဲခြားနိုင်ခြင်း မရှိသူအဖြစ် စွပ်စွဲခံထားရပါတယ်။

လက်ရှိ အာဖဂန်ကနေ အမေရိကန် ဆုတ်ခွာမှု အကျပ်အတည်းကို ၁၉၇၅ ဆိုင်ဂုံကျဆုံးခန်း နဲ့ နှိုင်းယှဉ်မှုတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်က ဗီယက်ကောင်းတပ်တွေ ချီတက်လာခဲ့စဉ် အမေရိကန် ရဟတ်ယာဉ်တွေနဲ့ ဆိုင်ဂုံမြို့ သံရုံးအမိုးကနေ လူတွေကို အပြီးသတ်ကယ်ထုတ်ခဲ့ရမှုနဲ့ ယခု အာဖဂန်ဖြစ်စဉ်ကို နှိုင်းယှဉ်နေခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခု ခရီးစဉ်ဟာ အာဖဂန် ဖြစ်စဉ် မတိုင်ခင်ကတည်းက စီစဉ်ထားခဲ့တာ ဖြစ်ကြောင်းနဲ့ ဒုသမ္မတ ဟားရစ်အနေနဲ့ အာရှဒေသမှာ ဝါရှင်တန်ရဲ့ ကျယ်ပြန့်တဲ့ မဟာဗျူဟာရည်မှန်းချက်တွေအပေါ် အာရုံစိုက်သွားမှာ ဖြစ်ကြောင်း အမေရိကန်အရာရှိတွေက ပြောခဲ့ပါတယ်။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ  ဆူပူရှုပ်ထွေးမှုတွေ ရှိခဲ့တဲ့ ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်အလွန် ၎င်းရဲ့ လက်ထက်မှာ တရုတ်ကို တန်ပြန်ရင်ဆိုင်မယ့် မဟာမိတ်တွေ တည်ဆောက်ဖို့နဲ့ ဆက်ဆံရေးတွေ ပြန်လည်ချိန်ညှိဖို့ ကြိုးပမ်းနေချိန် ယခု ဒုသမ္မတ ဟားရစ်ရဲ့ ခရီးစဉ်ဟာ အာရှ‌ဒေသကို လာ‌ရောက်တဲ့ အမေရိကန် အဆင့်မြင့်အရာရှိကြီးတစ်ဦးရဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly