၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် ဦးရေ ၂၀ ကျော် သေဆုံး

၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် ဦးရေ ၂၀ ကျော် သေဆုံး

ဩဂုတ် ၂၁

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) နှင့် အကြမ်းဖက်စစ်အုပ်စုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် လေးရက်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက်၂၀ သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သြဂုတ် ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်မှ ၂၀ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ အကြိမ် ၃၀ ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ဆိုသည်။

“ ဒူးသထူခရိုင် တပ်မဟာ (၁) ၊တောင်ငူခရိုင် တပ်မဟာ (၂ )နဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ( ၃ )တွေမှာလည်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုပြုလုပ်တာကြောင့် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိနေတယ် “ ဟု ကရင်အမျိုးသားအစည်းရုံး၏ တာဝန်ရှိသူကပြောသည်။

တိုက်ပွဲများကြောင့် မူတြော်ခရိုင်အတွင်းရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းနေရာများကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်ဖြင့် လာရောက်ရှာဖွေထောက်လှမ်းသည်သာမက ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်‌နေသည့် နေရာများနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

KNU ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်အုပ်စုက တပ်အင်အားတိုးချဲ့ပြီး စစ်မျက်နှာဖွင့်လှစ်ခဲ့သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က ပြန်လည်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required