လေကြောင်းကယ်ထုတ်ရေးမှာ အာမမခံနိုင်လို့ ဂျိုးဘိုင်ဒင် ပြော၍ အာဖဂန်မှာ စိုးရိမ်စိတ်တွေ ပိုကြီးထွားလာ

လေကြောင်းကယ်ထုတ်ရေးမှာ အာမမခံနိုင်လို့ ဂျိုးဘိုင်ဒင် ပြော၍ အာဖဂန်မှာ စိုးရိမ်စိတ်တွေ ပိုကြီးထွားလာ
Photo - AFP

ဩဂုတ် ၂၁

ဖိစီးမှုတွေ ရင်ဆိုင်နေရတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပရမ်းပတာ ဖြစ်နေတဲ့ လေကြောင်းကယ်ထုတ်မှုတွေရဲ့ နောက်ဆုံးရလဒ်ကို သူ့အနေနဲ့ အာမမခံနိုင်ကြောင်း ပြောလိုက်တာကြောင့် အာဖဂန်နစ္စတန်မှာ တာလီဘန်တွေရဲ့ ကလဲ့စားချေ ရက်စက်လာကြမှာကို စိုးရိမ်ကြောက်လန့်မှုတွေ ပိုပြီး ကြီးထွားနက်ရှိုင်းလာရပါတယ် 

ရန်ဖက်တွေနဲ့ မိသားစုတွေကို လွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့ ကတိကို တာလီဘန်တွေ ကတိပျက်လာနေပြီလို့ စိုးရိမ်ကြောက်လန့်မှုတွေ နက်ရှိုင်းနေချိန်မှာ ဂျိုးဘိုင်ဒင်ရဲ့ အခု စကားကြောင့် နိုင်ငံကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားနေကြသူ ထောင်ပေါင်းများစွာအတွက် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်လာရတာပါ။ 

နိုင်ငံခြားစစ်သားတွေ ချီပိုးထားတဲ့ ကလေးငယ်လေးတွေရဲ့ ဓာတ်ပုံတွေက အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ လက်အောက်မှာ အသက်ဘေးစိုးရိမ်နေရတဲ့ အာဖဂန်ပြည်သူ ထောင်ပေါင်းများစွာရဲ့ အတိဒုက္ခကို လှစ်ဟပြနေပါတယ်။ 

မြို့တော်ကဘူးလ်ကို တာလီဘန်တွေ ထိန်းချုပ်လိုက်ချိန် တနင်္ဂနွေနေ့ကစလို့ ပြည်ပထွက်နိုင်အောင် အလုအယက် ကြိုးပမ်းနေကြတဲ့ ကဘူးလ်လေဆိပ်က အာဖဂန်ပြည်သူတွေရဲ့ မြင်ကွင်းဟာ စိတ်နှလုံး မချိစရာ ဆိုးဝါးလှပါတယ်။ 

တာလီဘန်တွေရဲ့ တစ်ဟုန်ထိုး ထိုးစစ်ဟာ နိုင်ငံကနေ တပ်တွေ အပြီးသတ် ရုပ်သိမ်းဖို့ သီတင်းနှစ်ပတ်ပဲ ကျန်တော့တဲ့ အမေရိကန်နဲ့ မဟာမိတ်တွေအတွက် တုန်လှုပ်စရာ ဖြစ်ခဲ့ရပါတယ်။ 

ကယ်ထုတ်ရေးတွေအတွက် လေဆိပ်မှာ အမေရိကန်စစ်သားတွေ လုံခြုံရေးယူထားတဲ့ ကဘူးလ်မြို့တော်ကနေ အမေရိကန်တပ်တွေ ဩဂုတ် ၃၁ ရက်မှာ နောက်ဆုံး ရုပ်သိမ်းထွက်ခွာမှာကို သက်တမ်းထပ်တိုးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတ ဂျိုးဘိုင်ဒင်ကို ပြောဆိုတိုက်တွန်းနေကြပါတယ်။ 

တာလီဘန်တွေရဲ့ နိုင်ငံသိမ်းပိုက်မှုကို တုံ့ပြန်ပုံနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရင်ဆိုင်နေရတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က သတ်မှတ်နောက်ဆုံးရက် မတိုင်ခင်မှာ အမေရိကန်အားလုံးကို ကယ်ထုတ်နိုင်မယ် ထင်ပေမယ့် ဆောင်ရွက်ထားတဲ့ စာရင်းအတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်ဆိုပြီး ရုပ်သံကနေ မိန့်ခွန်းပြောပါတယ်။ 

“အခု ကြုံနေရတဲ့ လေကြောင်းကယ်ထုတ်ရေးဟာ သမိုင်းမှာ အကြီးဆုံး အခက်အခဲ အများဆုံးပါ၊ နောက်ဆုံး ရလဒ် ဘာဖြစ်မလဲဆိုတာကိုတော့ ကျွန်တော် အာမခံ ကတိမပေးနိုင်ပါ”ဆိုပြီး သူက ပြောပါတယ်။ 

ဒါပေမဲ့ လမကုန်ခင် ကဘူးလ်ကနေ လေယာဉ် အမှီ မလိုက်နိုင်မယ့် ဘေးအန္တရာယ်တွင်းက အာဖဂန်ပြည်သူဦးရေဟာ များသထက်များလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဝါရှင်တန်ဗျူရိုအကြီးအကဲ ဆာရတ်ရှ်ဟိုလီဝင်စကီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ကဘူးလ်လေဆိပ် အုတ်တံတိုင်းအပြင်ဖက်မှာတောည့ အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ မျှော်လင့်ချက်နဲ့ စုရုံးရောက်ရှိနေပါတယ်။ အမေရိကန် စစ်သားတစ်ဦးက သတိပေးပစ်ခတ်တာနဲ့ လေထဲ အမြင့်မှာ မျက်ရည်ယိုဓာတ်ငွေ့ ပစ်ခတ်တဲ့ ဗီဒီယိုကို NGO Rise to Peace က ထုတ်လွှင်ခဲ့ပါတယ်. 

တစ်ပတ်မပြည့်ခင်မှာပဲ အမေရိကန်စစ်လေယာဉ်နဲ့ လူပေါင်း ၁၃၀၀၀ နီးပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပင်တဂွန်က ပြောပေမယ့် စစ်ပွဲ နှစ်နှစ်ဆယ် အပြီး အာဖဂန်နစ္စတန်မှာ ရောက်နေတဲ့ မိမိတို့ နိုင်ငံသား ဘယ်လောက်များများ ရှိနေတယ်ဆိုတာ အမေရိကန်အစိုးရက မသိကြောင်း ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုပါတယ်။ 

အာဖဂန် မိတ်ဖက်တွေနဲ့ နိုင်ငံခြားတွေ အပါအဝင်ဖြစ်တဲ့ လေယာဉ်နဲ့ ကယ်ထုတ်ရေးလုပ်ငန်းစဉ်တွေမှာ ဗြိတိန်၊ တူရကီ၊ ပြင်သစ်နဲ့ အခြား ဥရောပစစ်သားတွေလည်း ပါဝင်အားဖြည့်ကူညီပေးနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required