လှိုင်သာယာ မြို့မရဲစခန်းရှေ့တွင် ၃ ကြိမ်ဆက်တိုက် ဗုံးပေါက် ၊ CGF HTYက ၎င်းတို့လက်ချက်ဟု ချက်ခြင်းထုတ်ပြန်

လှိုင်သာယာ မြို့မရဲစခန်းရှေ့တွင် ၃ ကြိမ်ဆက်တိုက် ဗုံးပေါက် ၊ CGF HTYက ၎င်းတို့လက်ချက်ဟု ချက်ခြင်းထုတ်ပြန်

ဩဂုတ် ၂၁

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်းမပေါ်ရှိ အရှေ့ပိုင်း ၅ ထိပ် မြို့မရဲစခန်း ရှေ့အဝင်ဝတွင် ယနေ့ည ၇နာရီကျော်က ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ခဲ့ကြောင်း သိရသည်။

လှိုင်သာသာတွင် ဖက်ဆစ်စစ်တပ်လုံးဝ အုပ်ချုပ်၍မရ‌စေရ ဟူသော CGF HTY ၏ မူ (၅)ချက်ပါ အတိုင်း လူထု့ အာဏာ လူထု့လက်ထဲ ပြန်မရောက်မချင်း နှင့် Federal Democracy ရရှိသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည့် ကြော်ငြာချက်အမှတ် ၃/၂၀၂၁ ကို လှိုင်သာယာ မြို့ပြပျောက်ကြားတပ်ဖွဲ့( CGF HTY) က

ယနေ့( ဩဂုတ်၂၀ရက်) ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

CGF HTY က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လက်ပါးစေများရှိသော လှိုင်သာယာ အရှေ့ပိုင်း မြို့နယ် ၅ ထိပ် ရဲစခန်းအား ည ၇နာရီ ၁၅မိနစ် အချိန်က အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ည ၇ နာရီ ဝန်းကျင်တွင် ဗုံးနှစ်လုံး ဆင့်ပေါက်ခဲ့ပြီး ၈နာရီခွဲအချိန်တွင် ထပ်မံ၍‌ ဗုံးပေါက်ခဲ့ခြင်း ဖြစ်သည်။

CGF HTY၏ တိုက်ခိုက်မှုများသည်ပြည်သူလူထု ထိခိုက်မှုမရှိစေ‌ရေးနှင့် အန္တရယ်ကင်းစင်ရေးကို ပထမ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေများ ၊ မြို့ဒလံများကိုသာ ဦးစားပေးတိုက်ခိုက်မည်ဟု CGF HTYက ဆိုသည်။

လှိုင်သာယာတွင် အကြမ်းဖက်စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့်မရနိုင်‌စေရန် နည်းပေါင်းစုံဖြင့် ပြုလုပ်သွားမည်ကို လှိုင်သာယာ ပြည်သူလူထုအား ကတိပြု အသိပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

" ကားမှတ်တိုင် သုံးမှတ်တိုင်လောက် ဝေးတဲ့ မီးကွက်ဈေးကတောင်ကြားရတယ်။ ကျွန်တော်ထင်တာက တိုက်ထားတဲ့ကားတွေရှိတယ်လေ စခန်းအရှေ့မှာ အဲဒီထဲက ကားတစ်စီးထဲမှာ ထားသွားတယ်ပေါ့" ဟု လှိုင်သာယာနေ ပြည်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု ရှိသည်ဟု သိရသော်လည်း မဇ္စျိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် ရဲစခန်းရှေ့ ညောင်တုန်းလမ်းမပေါ်တွင် လမ်းမကြီးအား ယာယီပိတ်ထားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ‌ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly