မြောင်မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးလုပ်မည့်သူရှားပါးလာ

မြောင်မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးလုပ်မည့်သူရှားပါးလာ

ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၅၂ ဦးလိုအပ်သော်လည်း ယခုအခါ ၂၀ ဦးခန့်သာရှိတော့သည်ဟု မဇ္ဈိမကကောက်ယူထားသောအချက်အလက်များအရသိရသည်။

အုပ်ချုပ်ရေးမှူးလစ်လပ်နေသည့်နေရာများတွင် မြောင်မြို့ပေါ်တွင် ရပ်ကွက်နှစ်ခု၊ ကင်းရွာအုပ်စု၊ နဘက်အုပ်စု၊ ရွှေဘုံသာအုပ်စု၊ ဇီးကျွန်းအုပ်စု၊ သရက်သာအုပ်စု၊ ငါးပယ်အုပ်စု၊ ကျောက်ရစ်အုပ်စု၊ ကိုးပင်အုပ်စု၊ ခေါင်းဆွဲအုပ်စု၊ သူဌေးကုန်းအုပ်စုတို့ပါဝင်သည်။

ယမန်နေ့ကပင် သနပ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနုတင်သည် နှုတ်ထွက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့သည်။

“အုပ်ချုပ်ရေးမှူးတာဝန်အား ပြည့်ဝစွာထမ်း‌ဆောင်နိုင်ခြင်းမရှိတော့သည့်အတွက် တာဝန်မှနုတ်ထွက်ခွင့်ပြုပါရန်” ဟု နှုတ်ထွက်ခွင့်တင်ပြသောစာတွင်ပါရှိသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်သည့်အခါ မြို့နယ်အုပ်ချုပ်ရေးရုံးများသို့ ဗိုက်ပါ(Viber) ဖြင့်နုတ်ထွက်စာကို ပေးပို့ကြရသည်။

“လူကိုယ်တိုင်လဲဘယ်မှမသွားဖြစ်ဘူး၊ မြို့နယ်ရုံးကလည်း သူတို့ဆီကိုမလာခိုင်းဘူး၊ အဲ့တော့ ဗိုက်ပါ(Viber) ကနေတဆင့်ပို့ရတယ်၊ သူတို့ဘက်က ပြန်အကြောင်းကြားတာတော့မရှိသေးပါဘူး၊ ကျွန်တော်အရင်ထွက်ကြတဲ့သူတွေလည်း ဒီလိုပဲလုပ်ကြတာ အဆင်မပြေတာမျိုးတော့မရှိပါဘူး။ ကျွန်တော့မိတ်ဆွေတွေထဲလည်း နုတ်ထွက်ကြဖို့ တိုင်ပင်ဆွေးနွေးနေတဲ့သူ သုံးလေးဦးလောက်ရှိတယ်” ဟု ဦးနုတင်က မဇ္ဈိမသို့ပြောသည်။

“ခေတ်အခါအရ မတည်မငြိမ်မအေးမချမ်းနဲ့ဆိုတော့ ကျွန်တော်တို့လည်းလုပ်ရတာ စိတ်မချမ်းသာဘူးခင်ဗျ၊ ဒါကြောင့်နုတ်ထွက်လိုက်တာပါ” ဟု သူကဆက်ပြောသည်။

အသက် ၆၁ အရွယ် ဦးနုတင်သည် ၂၀၁၀ မှ ၂၀၂၀ အထိ ငါးနှစ်သက်တမ်းနှစ်ကြိမ် အုပ်ချုပ်ရေးမှူးပြုလုပ်ခဲ့သူဖြစ်သည်။

မြောင်မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးများ အသတ်ခံရခြင်းများလည်းရှိခဲ့သည်။ အကြမ်းဖက် စစ်အုပ်စုကိုတော်လှန်သည့်သူများက စစ်တပ်နှင့်မပူးပေါင်းရေး လှုံ့ဆော်မှုတွင် အုပ်ချုပ်ရေးမှူးနှုတ်ထွက်စေလိုကြသည်။

ဇူလိုင် ၂၀ ရက်နေ့ကလည်း နဂါးပေါက်တိုက်နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး ငါးဦး တစ်ပြိုင်တည်းနှုတ်ထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required