အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမှု ဆုံးဖြတ်ချက်အပေါ် အခိုင်အမာရပ်တည်ဟု ဘိုင်ဒင် ပြော

အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမှု ဆုံးဖြတ်ချက်အပေါ် အခိုင်အမာရပ်တည်ဟု ဘိုင်ဒင် ပြော
Photo - AFP

ဩဂုတ် ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမှုနဲ့ပတ်သက်လို့ သြဂုတ် ၁၆ ရက်မှာ ခုခံကာကွယ်ပြောဆိုသွားခဲ့ပြီး ၎င်းအနေနဲ့ တပ်တွေပြန်ရုပ်မှု မူဝါဒအပေါ် အခိုင်အမာ ရပ်တည်ကြောင်း ပြောသွားခဲ့ပါတယ်။ နှစ် ၂၀ ကြာ ပဋိပက္ခစစ်ပွဲအပြီး ခုချိန်ဟာ အမေရိကန်တို့ အာဖဂန်နစ္စတန်ကနေ ထွက်ခွာဖို့ အချိန်ကျခဲ့ပြီလို့လည်း ဘိုင်ဒင်က ပြောသွားခဲ့ပါတယ်။

“ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဖြစ်တယ်၊ အရင်သမ္မတတွေ တစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်းလွှဲလာတဲ့ တာဝန်ကို ကျွန်တော့်လက်ထက်မှာ အပြတ်ရှင်းရမှာဖြစ်ပါတယ်” လို့ ဘိုင်ဒင်က အိမ်ဖြူတော် မိန့်ခွန်းတစ်ရပ်မှာ ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရဲ့ မြို့တော် ကဘူးလ်မှာ ဝရုန်းသုန်းကား အခြေအနေမြင်ကွင်းတွေနဲ့ပတ်သက်လို့ ဘိုင်ဒင်က ၎င်းအနေနဲ့ လက်ရှိအချိန် အာဖဂန်မှာ ဖြစ်ပေါ်နေခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ “အင်မတန် ဝမ်းနည်းမိကြောင်း” ပြောခဲ့ပါတယ်။ လက်ရှိမှာ တာလီဘန် အုပ်ချုပ်မှုနဲ့ ပြန်လည် ရင်ဆိုင်ရချိန် အာဖဂန်အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုပေးသွားမယ်လို့ ဘိုင်ဒင်က ကတိပြုခဲ့ပါတယ်။

ဒါပေမယ့် ၎င်းဟာ အမေရိကန်တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့မှုအတွက် နောင်တမရမိဘူးလို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ အာဖဂန်မှာ ဆယ်စုနှစ်နှစ်စုကြာ အမေရိကန် ဦးဆောင်တဲ့ စစ်ရေးအရ ဝင်ရောက်မှုကို ပရမ်းပတာ အခြေအနေတွေနဲ့ အဆုံးသတ်ခဲ့ရမှုအပေါ် ဝေဖန်ပြစ်တင်မှုတွေ ထွက်ပေါ်နေခဲ့ပေမယ့် ဘိုင်ဒင်ကတော့ ယခုဆုံးဖြတ်ချက်အတွက် အခိုင်အမာ ရပ်တည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော့် ဆုံးဖြတ်ချက်အတွက် ကျွန်တော် အတိအလင်း ရပ်တည်ပါတယ်၊ နှစ် ၂၀ ကြာပြီးနောက် အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းဖို့ သင့်တော်တဲ့အချိန်တစ်ခု ဘယ်တုန်းကမှ မရှိခဲ့ဘူးဆိုတာကို ခါးသီးတဲ့အတွေ့အကြုံကနေတဆင့် ကျွန်တော် သိခဲ့ရပါတယ်” လို့ ဘိုင်ဒင်က ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ အာဖဂန်နစ္စတန်အစိုးရဟာ သူ မျှော်လင့်ထားခဲ့တာထက် အတော်လေးကို ပိုမို မြန်မြန်ဆန်ဆန် ပြိုလဲသွားခဲ့တယ်လို့လည်း ဘိုင်ဒင်က ဝန်ခံပြောဆိုခဲ့ပါတယ်။ ယင်းအပြင် အာဖဂန်အစိုးရမှာ တာလီဘန်တို့ကို ရင်ဆိုင်တွန်းလှန်လိုတဲ့ စိတ်ဆန္ဒမရှိခဲ့ဘူးလို့ ထင်မြင်ကြောင်း ဘိုင်ဒင်က ပြောပါတယ်။

“ဒီလိုအခြေအနေက ကျွန်တော်တို့ မျှော်မှန်းထားခဲ့တာထက် ပိုမိုမြန်မြန်ဆန်ဆန်ပဲ ဖြစ်ပေါ်လာခဲ့ပါတယ်၊ ဒါအမှန်တရားပဲ ဖြစ်ပါတယ်” လို့ ဘိုင်ဒင်က ဆိုပါတယ်။

“သူတို့ (အာဖဂန်) ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ဖို့ အခွင့်အရေးမှန်သမျှ ကျွန်တော်တို့ ပေးခဲ့တယ်၊ အဲဒီအနာဂတ်အတွက် တိုက်ခိုက်ရယူရတဲ့ စိတ်ဆန္ဒကတော့ သူတို့ဘာသာ လုပ်ယူရမှာပဲဖြစ်တယ်၊ ကျွန်တော်တို့ ထောက်ပံ့ပေးလို့ မရနိုင်ခဲ့ပါဘူး” လို့ ဘိုင်ဒင်က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကတော့ အမြဲတစေအားဖြင့် အမေရိကန်မြေပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိမလာအောင် ကာကွယ်ဖို့ပဲ ဖြစ်တယ်လို့ ဘိုင်ဒင်က ပြောပါတယ်။ အမေရိကန်အနေနဲ့ အဆိုပါ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပေါ်လာတဲ့ ဘယ်လို အကြမ်းဖက် ခြိမ်းခြောက်မှုကိုမဆို “မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား တုံ့ပြန်အရေးယူ” မှာဖြစ်ကြောင်း ဘိုင်ဒင်က ပြောသွားပါတယ်။

“အာဖဂန်နစ္စတန်က မစ်ရှင်က နိုင်ငံတည်ဆောက်ဖို့ ဆိုပြီး ဘယ်တုန်းကမှ ပြောလို့မရခဲ့ပါဘူး” လို့လည်း ၎င်းက ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ ကဘူးလ်လေဆိပ်မှာ ထောင်ချီတဲ့ အမေရိကန်သံအမှုထမ်းတွေနဲ့ အာဖဂန်ဘာသာပြန်တွေ ရွှေ့ပြောင်းမှုကို နှောင့်ယှက်၊ ခြိမ်းခြောက်တာမျိုး မလုပ်ဖို့ အမေရိကန်သမ္မတက တာလီဘန်တို့ကို သတိပေးချက် ထုတ်သွားခဲ့ပါတယ်။

“လိုအပ်ရင် အခိုင်အမာအင်အားသုံးပြီး ကျွန်တော်တို့လူတွေကို ကာကွယ်သွားမှာပါ” လို့ ဘိုင်ဒင်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required