အာဖဂန်အခြေအနေနှင့် ပတ်သက်၍ ကာတာက လက်ခံကျင်းပမည့် အစည်းအဝေးသို့ အိန္ဒိယတက်ရောက်

အာဖဂန်အခြေအနေနှင့် ပတ်သက်၍ ကာတာက လက်ခံကျင်းပမည့် အစည်းအဝေးသို့ အိန္ဒိယတက်ရောက်

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့က ကြီးမားသည့် ထိုးစစ်များကို လုပ်ဆောင်ကာ ခရိုင်မြို့ကြီး ၉ မြို့ကို သိမ်းပိုက်ထားရာ ယင်းအခြေအနေများနှင့် ပတ်သက်၍ ကာတာနိုင်ငံက ဩဂုတ် ၁၂ ရက်တွင် လက်ခံကျင်းပသည့် အစည်းအဝေးသို့ အဓိကနိုင်ငံများနှင့်အတူ အိနိ္ဒယနိုင်ငံလည်း တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးသို့ အင်ဒိုနီးရှား၊ ဘာဂါရမ်လေတပ်စခန်းအား လုံခြုံရေးတာဝန်ယူမည့် တူရကီနိုင်ငံတို့လည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတက်ရောက်မည့် အစီအစဉ်အပေါ် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

ကာတာနိုင်ငံ၏ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် ပြဿနာဖြေရှင်းရေးဆိုင်ရာ အထူးသံတမန် မာဂျက်အယ်လ်ကာတန်နီ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နယူးဒေလီသို့ လာရောက်စဉ် အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် ယင်းအစည်းအဝေးတွင် အာဖဂန်နစ္စတန်၌ ပြဿနာအမြန်ဆုံး ပြေလည်စေမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

အာဖဂန်အစိုးရအား အတင်းအဓမ္မဖြုတ်ချရန် လုပ်ဆောင်ခြင်းသည် တရားမဝင်ကြောင်း အိန္ဒိယအစိုးရက ပြောကြားထားသလို လွန်ခဲ့သည့် ၁၀ စုနှစ် ၂ ခုအတွင်း ဒီမိုကရေစီစနစ် ကျင့်သုံးစဉ်ကအတိုင်း နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန်နှင့် လူနည်းစုများ၊ အမျိုးသမီးများ၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်လည်း တောင်းဆိုထားသည်။

အိန္ဒိယအစိုးရက အာဖဂန်နစ္စတန်နိုင်ငံ မဇာအီရှာရစ်ဖ် မြို့ရှိ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိများနှင့် လုံခြုံရေးအရာရှိများကို နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ထားပြီး အဆိုပါနိုင်ငံတွင် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံသား အားလုံး နေရပ်သို့ ပြန်လာကြရန် ဩဂုတ် ၁၀ ရက်နေ့က တိုက်တွန်းထားပြီး ဖြစ်သည်။

အိန္ဒိယအစိုးရက ပါလီမန်သို့ ပြီးခဲ့သည့် သီတင်းပတ်က ပေးခဲ့သည့် ကိန်းဂဏန်းများတွင် အာဖဂန်နစ္စတန်၌ အိန္ဒိယနိုင်ငံသား ၁၅၀၀ ခန့်ရှိကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly