နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၅ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၅ ဩဂုတ် ၂၀၂၁)
(Photo :  : CJ - ဩဂုတ်လ ၁၅ ရက်၊ မုံရွာ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း)

ဩဂုတ်လ ၁၅ ရက်၊

 

စစ်ကောင်စီ

·         မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မည်သည့်ဘဏ်ကိုမျှ ဒေဝါလီခံရန် ပိတ်သိမ်းရန်ဆောင်ရွက်စရာတစ်စုံ တစ်ရာ မရှိဘဲ ငွေကျပ် ၅၀၀၀ တန်နှင့်ငွေကျပ် ၁၀၀၀၀ တန်များကို ရုတ်သိမ်းမည်ဆိုသည်မှာ မဟုတ်မှန် ကြောင်း ဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောသည်။

·         ထပ်တိုးရုံးပိတ်ရက်များအတွင် အွန်လိုင်းဘဏ်စနစ်နှင့် ATM စက်များတွင် ငွေထုတ်ယူရာမှာလည်း ပုံမှန်အတိုင်းဖြစ်မည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကပြောသည်။

·         စစ်ကောင်စီ  သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးကောက်တင်မြောက်ခံရသူစာရင်းကို ယနေ့ထုတ်စစ်ကောင်စီသတင်းစာတွင် ကြေညာသည်။

·         ပြည်ပနိုင်ငံများမှ COVID-19 ကူးစက်ရောဂါကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများနှင့် ဆေးဝါး ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ ဦးစားပေးတင်သွင်းခွင့်ပြုထားကြောင်း စစ်ကောင်စီ ကထုတ်ပြန်ထားသည်။

·         စစ်တပ်နှင့်အလှူရှင်များက အောက်စီဂျင်အိုး ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ စစ်တပ်ဆေးရုံများ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ လူမှုကူညီရေးအသင်းအဖွဲ့များသို့ လှူဒါန်းပေးနေသည်ဟုဆိုသည်။

·         ဒဂုံဆိပ်ကမ်းနှင့်လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များမှ အလုပ်သမား ၃၄၅ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ကြောင်းစစ်ကောင်စီမီဒီယာတွင် ဖော်ပြထားသည်။

·         ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် အပြင်ထွက်ကဒ်မပါလျှင် တစ်ဦးလျှင် ငွေကျပ် ငါးသောင်းအထိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် စစ်တပ်ဖွဲ့ဝင်များမှ ဒဏ်တပ် တောင်းခံနေပြီး မပေးနိုင်ပါက ဖမ်းဆီးချုပ်‌နှောင်ထား‌ကြောင်း ဒေသခံများထံကသိရသည်။

·         ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ပစ်ခတ်သွားသူများကို ဖမ်းမိရန်အတွက် မြို့နယ်များတွင် ပိတ်ဆို့ရှာဖွေ နေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

·         မန္တလေးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် သံဃာတော်များကို ထားရှိရန် စစ်ကောင်စီက ဆွေးနွေးမှုအား မန္တလေးတိုင်း သံဃမဟာနာယကအဖွဲ့က သဘောတူခဲ့ကြောင်းသိရသည်။

·         အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ရင်းတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့အ ခြေစိုက် အမှတ် ( ၅၈ )တပ်မှ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူအချို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတပ် တွင်း စုံစမ်းစစ်ဆေးရေးအဖြစ် ခုံရုံဖွဲ့စစ်ဆေးခံနေရကြောင်း အဆိုပါတပ်နှင့် နီစပ်သူများထံမှ သိရသည်။

 

အမျိုးသားညီညွှတ်ရေးညွန့်ပေါင်းအစိုးရ

·         NUG ၏ “အောင်လံလွှင့်ချီ နွေဦးထီ”ကို စတင်ရောင်းချမည့်အချိန်ကို ယနေ့ ဩဂုတ်လ ညနေ ၄ နာရီသို့ ပြောင်းလဲသက်မှတ်ကြောင်း “အောင်လံလွှင့်ချီ နွေဦးထီ”၏ တရားဝင် ဖေ့စ်ဘွခ်စာမျက်နှာမှ အသိပေးကြေညာထားသည်။

·         ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ဖက်ဒရယ်စာစောင်။ အတွဲ (၁)၊ အမှတ် (၂)ကို ထုတ်ဝေဖြန့်ချိ လိုက်ပြီး ယင်းစာစောင်တွင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ အင်္ဂါရပ်များနှင့် ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြထားသည်ကို တွေ့ရသည်။

·         လွတ်လပ်စွာဆန္ဒဖော်ထုတ်မှုနှင့်စစ်ကောင်စီကို ဆန့်ကျင်မှုကြောင့်  မတရားဖမ်းဆီးခံထားရသော တက်ကြွလှုပ်ရှားသူတို့သည် ထောင်တွင်းအကျဉ်းကျခံစားနေရသော်လည်း လူသားတိုင်းရရှိခံစား ခွင့်ရှိသော ကျန်းမာရေးဆိုင်ရာ အခွင့်အရေးနှင့် တခြားသောလူ့အခွင့်အရေးများ စိုးရိမ်ဖွယ်ရာ ရှိနေကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန နှင့် အမျိုးသမီး ၊လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

·         နာရီပိုင်းအတွင်းမှာပင်NUG မှရောင်းချသောနွေဦးထီ သတ်မှတ်အရေအတွက် ပြည့်သွားသည့် အတွက်ရပ်နားထားပြီး နောက်ရက်များတွင် ဆက်လက်ထိုးနိုင်ကြောင်းထီရောင်းချသည့် အရောင်းစာမျက်နှာတွင် ကြေညာထားသည်။ 

 

တော်လှန်ရေးလှုပ်ရှားမှုများ

·         ရန်ကုန်ဘူတာကြီး က အင်းစိန်သို့ ထွက်ခွာလာသည့် မြို့ပတ်ရထားပေါ်တွင် လိုက်ပါလာသည့် ရဲ ၆ဦးကို သြဂုတ်လ ၁၄ ရက်နေ့ ညနေ၅နာရီခန့်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်ခဲ့ပြီး ရဲ ၄ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

·         ရန်ကုန် စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့တွင် ယနေ့ သြဂုတ်လ ၁၅ ရက် နံနက်ပိုင်းတွင် ဗုံးများပေါက်ကွဲကြောင်း သတင်းရရှိသည်။

·         ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ငါးရုံးတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

·         ရန်ကုန်တိုင်း၊လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်မှ အသက် ၃၀ အရွယ် လူငယ်တစ်ဦး အား စစ်ကောင်စီခန့်အုပ်ချုပ်ရေးရုံးရှိကင်းစောင့်သူများမှ ဝိုင်းရိုက်နှက်သည့်အတွက် သေဆုံးသွားကြောင်း မိသားစုဝင်ထံမှသိရသည်။

·         ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁၁)ရှိ နေအိမ်တစ်အိမ်မှာ ရဲတပ်ဖွဲ့က ဝင်ရောက်မွှေနှောက်ပြီး သိန်း(၁၀၀) ယူဆောင်သွားကြောင်း သိရပါတယ်။

·         ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်း မိုင်တိုင် ၁၆ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံ CDF တပ်ဖွဲ့ဝင်များကြား သြဂုတ်လ ၁၅ ရက် ယနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံး များကြောင်း CDF မင်းတပ်ထံမှ သတင်းရရှိသည်။

·         ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်တွင် (ယနေ့) ဩဂုတ်၁၅ ရက် ၁၁ခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်များမှ အကြောင်းမဲ့ရမ်းပစ်ခတ်မှုကြောင့် သားအဖနှစ်ဉီးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

·         မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၄ ရက်နေ့က နေ့စဉ်ပြုလုပ်နေကျ ဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ် ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

·         မန္တလေး သံဃသမဂ္ဂဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

·         မန္တလေးတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ သြဂုတ်လ ၁၅ ရက်နေ့က အရမ်းညီတဲ့ ချမ်း/စည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၊ သပြေချောင်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ် ရေးမှူး ဦးဝင်းနိုင်အား ယမန်နေ့ နေ့လယ်ပိုင်းတွင်အသတ်ခံရပြီး ညပိုင်းတွင် ရွာသားသုံးဦးအား စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

·         မန္တလေးတွင် မတရားတဲ့ အမိန့်ဟူသမျှ ရဲရဲတောက် ဆန့်ကျင်ကြ ဆိုသောမြတောင် သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဖြုတ်ချရေး ယနေ့ ချီတက်သပိတ်မှောက်ကြသည်။

·         မန္တလေးတွင် ဩဂုတ်လ ၁၅ ရက် ညနေပိုင်းတွင် အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး မန္တလာတက္ကသိုလ် ကျောင်းသူ/ကျောင်းသားများသပိတ်စစ်ကြောင်း ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·         မန္တလေးတွင် အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုများရှိပေမယ့် ဩဂုတ်လ ၁၅ ရက်တွင် ၁၈၈ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·         ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ သြဂုတ်လ ၁၅ ရက်နေ့က လူငယ်များ ဦးဆောင်ကာ NUG သာ ပြည်သူ့အစိုးရဖြစ်ပြီး အိမ်စောင့် စစ်ခွေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

·         တန့်ဆည်မြို့နယ် လူငယ်သပိတ်စစ်ကြောင်းနှင့် တောင်သူများ ပူးပေါင်ကာ ယနေ့ သြဂုတ်လ ၁၅ ရက်နေ့က အကြမ်းဖက် စစ်အာဏာရှင် အလိုမရှိကြောင်း ကောက်စိုက် သပိတ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

·         စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြို့လယ်ခေါင်နာရီစင်အနီးတွင် ယနေ့ သြဂုတ်လ ၁၅ ရက် နံနက် ၈ နာရီ ၂၂ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

·         စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းကျေးရွာများ စုပေါင်းပြီး ဩဂုတ်လ ၁၅ ရက် နံနက်တွင် ၁၅၈ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံး ရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·         စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့သြဂုတ်လ ၁၄ရက်နေ့က အကြမ်းဖက် လူသတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ ကြောင်း သိရသည်။

·         စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ တော်လှန်ကျောင်းသားလူငယ်များသည် ဩဂုတ်လ ၁၅ ရက် နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးချထားသည့်ကြားမှ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

·         ယမန်နေ့ ဩဂုတ် ၁၄ ရက် ညနေ ၃နာရီခွဲအချိန်တွင် အင်အား ၅၀ခန့် ရှိသည့် စစ်ကောင်စီယာဉ်တန်းကို ယင်းမာပင်မြို့နယ် ကွေ့ချောင်းရွာအထွက် မြေဖွေးတောင်အနီးတွင် ယင်းမာပင် PDFက မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားသုံးဦး ထက်မနည်းသေဆုံးပြီး ၁၀ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင် PDF၏ တာဝန်ရှိသူက ပြောသည်။

·         ယနေ့ ကလေးမြို့ပြည်သူများမှ အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်မှု ဆက်လက်ချီတက်ဆင်နွှဲခဲ့ပြီး အောင်မြင်စွာပြီးဆုံးကြောင်း သိရသည်။

·         ထားဝယ် ပင်မစစ်ကြောင်းနှင့် ကျောင်းသား/လူငယ်များ တော်လှန်ရေးလှုပ်ရှားမှု သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၅ရက်နေ့ မွန်းလွဲပိုင်းက NUG သာ ပြည်သူ့အစိုးရဖြစ်ပြီး အိမ်စောင့်စစ်ခွေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

·         လောင်းလုံးမြို့နယ် အောက်ဖက်ကျေးလက်ဒေသတွင် ယနေ့ သြဂုတ်လ၁၅ရက်နေ့ ညနေပိုင်းက NUG သာ ပြည်သူ့အစိုးရ အကြမ်းဖက် အိမ်စောင့်စစ်ခွေး အလိုမရှိကြောင်း လောင်းလုံး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအတွင် ဩဂုတ်လ ၁၅ ရက် မွန်းလွဲပိုင်း မိုးရေထဲတွင် အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ပြောက်ကျားသပိတ်ဖြင့် ကြွေးကြော်ချီတက် ဆန္ဒပြကြသည်။

·         ထားဝယ်မြို့ဒေါင်းငူရပ်ကွက်တွင် သြဂုတ်လ ၁၁ ရက်ညက စစ်ကောင်စီဆပ်များ ဖမ်းဆီးသွားသော ကိုအောင်ယုသည် အဖမ်းခံရပြီးနောက် သုံးရက်အကြာ သြဂုတ် ၁၄ ရက်နေ့ စစ်ကြောရေးတွင် သေဆုံးသွားကြောင်း သေဆုံးသူ၏ ဇနီးထံမှ သိရသည်။

·         ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ တော်လှန်ပြည်သူများသည် ဩဂုတ်လ ၁၅ ရက် နံနက် မိုးရေထဲတွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·         မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ချီတက် သပိတ်မှောက်ကြသည်။

·         မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် ကိုဗစ်ရောဂါကူးစက်ခံနေရသည့် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် ဝင်တစ်ဦးကို စစ်ကောင်စီက ဩဂုတ် ၉ ရက်နေ့လည်ပိုင်းက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

·         မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရှလ(ရှားလှ) ကျေးရွာအုပ်စုနှင့် အနီးအနားကျေးရွာများတွင် အာဏာ သိမ်း လက်နက်ကိုင် အဖွဲ့များက ဆိပ်ဖြူမြို့အထွက်နှင့် ပုသိမ် - မုံရွာကားလမ်းပေါ်တွင် ပိတ်ဆို့ ဖမ်းဆီး မှုတွေပြုလုပ်နေ ခြင်းကြောင့်ရိက္ခာပြတ်လပ်မှုတွေရှိနေကြောင်း သိရသည်။

·         မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ၊ပွင့်လင်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန် အသတ်ခံရမှုနှင့်ပါတ်သတ်၍ စစ်ကောင်စီလက်အောက်ခံရဲများမှ မသင်္ကာသူများကို စခန်းသို့ခေါ်ယူ စစ်ဆေး နေသည့်အတွက် ကျေးရွာအတွင်းရှိ ဒေသခံများက စိုးရိမ်နေကြသည်။

·         မကွေးတိုင်း၊ မကွေးမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူများသည် ဩဂုတ်လ ၁၅ ရက် မွန်းလွဲပိုင်းတွင် "စောင့်မျှော်နေမယ် D-Day ရက်၊ ငါတို့အားလုံး PDF" ဟုကြွေးကြော်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြကြသည်။

·         ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြား၊ ပင်ပုံကျေးရွာနှင့် လွယ်ဟွဲ ကျေးရွာ ကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များကြား သြဂုတ်လ ၁၄ ရက် ယမန်နေ့ နံနက် ၇ နာရီမှ ည ၆ နာရီခန့်ထိ ၁၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ အကျအဆုံးများကာ အောင်ပန်းမှ စစ်ကူများ ထပ်ခေါ်ခဲ့ရသည်ဟု PDF ဖယ်ခုံမှ သတင်းထုတ်ပြန်သည်။

·         ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနှင့် ဖယ်ခုံမြို့ကြားတွင် သြဂုတ်လ ၁၅ ရက် ယနေ့နံနက် ၇ နာရီဝန်း ကျင်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေပြီး စစ်ကောင်စီတပ်ကူ စစ်ကား ၁၃ စီးဖြင့် လွိုင်ကော်မြို့မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

·         အင်းလေးဒေသရှိ ပြည်သူများအနေဖြင့် စစ်အုပ်စုအား ဖြုတ်ချဖို့အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ အင်းအမျိုးသားကာကွယ်ရေးတပ်(INDF) က ယမန်နေ့ ဩဂုတ်လ ၁၄ရက် ညပိုင်းက တိုက်တွန်း ထုတ်ပြန်သည်။

·         ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် ပြည်သူအများထည့်ဝင်ထားသည့် အလှူငွေဖြင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စီစဉ်ထားခြင်းအပေါ် စစ်ကောင်စီက ဝင်ရောက်ဦးဆောင် တည်ဆောက်မည်ဆိုသည့်အတွက် အလှူငွေအချို့ ပြန်တောင်းခံနေရကြောင်း သိရသည်။

 

တိုင်းရင်းသားလက်နက်ကိုင်များ

·         ချင်းအမျိုးသားတပ်မတော်(CNA/F) ဌာနချုပ်ရှိရာ ထန်တလန်မြို့နယ်အတွင်းရှိ Camp Victoria တွင် COVID-19 ကာကွယ်ဆေးစတင်ထိုးနှံပေးနေသည်ဟုသိရသည်။

·         ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များကို ရက္ခိုင့်တပ်တော်(ULA /AA)၏ အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန် စီစဉ်ထားကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ သြဂုတ် ၁၅ ရက်နေ့တွင် အာရက္ခမီဒီယာနှင့် အင်တာဗျုးအစီအစဉ်တွင် ပြောကြားခဲ့သည်။

·         ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲကျေးရွာအနီးတွင် စကစနှင့် PNO ပူးတွဲစစ်ကြောင်းနှင့် KA နှင့် KNDF တို့ ဩဂုတ်၁၄နံနက် ၈နာရီ၄၅ မိနစ်ခန့်မှ  ညနေ ၆နာရီ ၃၀မိနစ်အထိ တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့်  လွယ်ဟွဲ ကျေးရွာရှိ အမျိုးသမီးများနှင့် ကလေးများးကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း Free Burma Ranger-Karenni မှ ထုတ်ပြန်ထားသည်။

 

ဩဂုတ် ၁၅ သုံးသပ်ချက်

·         ရန်ကုန်တွင် ယမန်နေ့က ရထားပေါ်တွင် လုံခြုံရေးလိုက်ပါဆောင်ရွက်နေသည့် အကြမ်းဖက်ရဲများ ပစ်သတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီမှ လုံခြုံရေးတင်းကျပ်နေပြီး ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ် နေသည်။ယင်းသို့ပြုလုပ်နေသည့်ကြားမှပင် ပေါက်ကွဲများဖြစ်ပေါ်နေသည်ကို ကြည့်ခြင်အားဖြင့် ရန်ကုန်တွင် အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့်လာသည်ကို သိရသည်။

·         စစ်ကိုင်း မန္တလေးတိုင်းများတွင် ဆန္ဒပြမှုများအားကောင်းသလို လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင် ချက်များလည်းအရှိန်အဟုန်ကောင်းနေသည်ကို တွေ့ရသည်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်း သည့် စစ်ကိုင်းဒေသတွင် စစ်ကောင်စီအကြမ်းဖက်သမားများမှ ဒေသခံပြည်သူကို မဲကာ ဖိနှိပ်အနိုင်ကျင့် နေသည်ကိုတွေ့ရသည်။ချင်း၊ကယားကရင်ပြည်နယ်များတွင် စစ်ကောင်စီ၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသလို စစ်ရှောင်ဒုက္ခသည်များလည်း တိုးလာနေသည်။

·         ချင်းနှင့်ကယားပြည်နယ်တွင် စစ်ကောင်စီနှင့် ဒေသခံPDF များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်။ ဒေသဆိုင်ရာ PDFများတွင် ကာယားပြည်နယ်မှ PDFများသည် အင်အားအကောင်းဆုံးဖြစ်ပြီး ကယား အခြေစိုက် PDFများစုပေါင်းထားနိုင်သည့်အတွက် စုစည်းမှုအားကောင်းနေသည်။ ယင်းအစုအဖွဲ့သည် တပ်ရင် ၁၈ ရင်းထိဖွဲ့ထားနိုင်သည်ဟု ဆိုထားသည်။ယင်းအခြေအနေတွင် စစ်ကောင်စီမှလည်း စစ်ကူများထပ်မံဖြည့်တင်းလာသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည်။

·         အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပိတ်ရက်များတွင် ယခင်ကြေညာချက်များအတိုင်း ဘဏ်ဝန်ဆောင် မှုများ မပိတ်ဟု ဆိုသည်။တကယ်လက်တွေ့အခြေအနေတွင် ဘဏ်များမှ ATMစက်များတွင် ငွေအလုံ အလောက် မထည့်ထားခြင်းများကြောင့် ပြည်သူများ အခက်ကြုံနေရသည်။အောက်စီဂျင်များကို တိုင်းနှင့်ပြည်နယ်များတွင် အလုံအလောက်ဖြစ်အောင်လှူဒါန်းနေသည်ဟု စစ်ကောင်စီက ဟန်ပြကြေညာနေသော်လည်း တကယ်လက်တွေ့တွင် ပြည်သူများ၏ အောက်စီဂျင်လှူဒါန်းမှုများကို ပိတ်ပင်ခြင်းများနှင့် ၄၀ လီတာအိုးများ ပြန်လည်ဖြည့်တင်းပေးသည့် ဆိုင်များကို ပိတ်ပင်ထား မှုရှိနေသည်။ ၎င်းတို့၏ အုပ်ချုပ်ရေးရုံးမှတဆင့် အောက်စီဂျင်လျှောက်ထားစေချင်သော်လည်း တစ်အိုးဖြည့်လျှင် ၅ ရက်ကြာသည့်အတွက် တကယ်လိုအပ်နေသူများအတွက် အလုပ်မဖြစ်သည် ကိုတွေ့ရသည်။ ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီအနေဖြင့် အာဏာတည်မြဲသည်ကို ပြနိုင်ရန်အတွက် ပြည်သူများ၏ အသက်ကို စတေးရန် ဝန်မလေးသည့် အစုအဖွဲဟု ဆိုရမည်ဖြစ်သည်။

·         အမျိုးသားညွန့်ပေါင်းအစိုးရအနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုကို သက်သေထူည့်အနေဖြင့် ထီဖွင့်လှစ်ရောင်းချရာ နာရီပိုင်းအတွင်း ထီလက်မှတ်များရောင်းကုန်သွားသည့်အပြင် ထီထိုးမည်သူများများပြားနေသည့်အတွက် နောက်ရက်မှ ထိုးပေးကြရန် ပန်ကြားနေရသည် အထိ ပြည်သူ့ယုံကြည်မှုကို ရနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required