ဒေါက်တာဇော်မြင့်မောင် အောက်ဆီဂျင်ရှုနေရပြီး ဆေးရုံ အရေး‌ပေါ်ခန်းသို့ရောက်ရှိနေ  

ဒေါက်တာဇော်မြင့်မောင် အောက်ဆီဂျင်ရှုနေရပြီး ဆေးရုံ အရေး‌ပေါ်ခန်းသို့ရောက်ရှိနေ  

မန္တလေး၊ ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် အောင်ဆီဂျင်ရှုနေရပြီး ဆေးရုံ အရေး‌‌ပေါ်ခန်းသို့  ရောက်ရှိနေကြောင်း ၎င်း၏ သားဖြစ်သူကပြောသည်။

ဖခင်ဖြစ်သူသည် အောက်ဆီဂျင်ရှုနေရ‌သော်လည်း လောကဓံကို ကြံ့ကြံ့ခံပြီး တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေလျှက်ရှိကြောင်း ဒေါက်တာဇော်မြင့်မောင်၏ သားဖြစ်သူ ဒေါက်တာဥာဏ်ဝေဖြိုးကပြောသည်။

"ရောဂါအခံရှိထားသူပါ။ အခု အောက်ဆီဂျင်ရှုနေရတဲ့ အခြေအနေပါ။ အရေးပေါ်မှာပဲ ရှိပါသေးတယ်" ဟုသားဖြစ်သူက အတည်ပြုပြောသည်။

ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးမြို့ ၊အိုးဘိုအကျဉ်းထောင်တွင် COVID-19 Test Kit သုံး၍ စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိခဲ့ရသော်လည်း  ထပ်မံ၍ မန္တလေးဆေးရုံတွင် နှာခေါင်းတို့ပတ်ယူ စစ်ဆေးချိန်မှ  COVID- 19 ရောဂါပိုးရှိကြောင်း သိရှိရခြင်းဖြစ်သည်။ 

အာဏာသိမ်းခဲ့သည့်  ဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်အား နေအိမ်အကျယ်ချုပ်ချခဲ့ပြီး‌ေနာက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅ )တို့ဖြင့် တရားစွဲဆိုခဲ့သည်။ 

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း အမရပူရမြို့နယ်မှ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သော်လည်း ၁၉၉၀ ခုနှစ် နိုဝင်ဘာတွင် စစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။

ထောင် ၁၉နှစ်ကျခဲ့ပြီး‌ေနာက် ၂၀၀၉ ခုနှစ်တွင် ပြန်လည်လွတ်မြောက် လာခဲ့ခြင်းဖြစ်‌သည်။ ၎င်းသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှ  ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး၊  ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required