ကဘူးလ်မြို့တော်ဆီ ချည်းကပ်လာတဲ့ တာလီဘန်တွေရဲ့ ထိုးစစ်အဟုန်ကို ပင်တဂွန် များစွာစိုးရိမ် 

ကဘူးလ်မြို့တော်ဆီ ချည်းကပ်လာတဲ့ တာလီဘန်တွေရဲ့ ထိုးစစ်အဟုန်ကို ပင်တဂွန် များစွာစိုးရိမ် 
Photo - AFP

ဩဂုတ် ၁၄

“အခုအချိန်ဟာ အာဖဂန်အတွက် ညီညွတ်ရမယ့် အချိန်အခါပဲ”လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂျွန်ကားဘီက သတင်းထောက်တွေကို သောကြာနေ့မှာ ပြောပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့ နယ်သိမ်းအောင်ပွဲ အရှိန်အဟုန်နဲ့ အာဖဂန်တပ်တွေရဲ့ တော်လှန်ခုခံနိုင်စွမ်း အားနည်းမှုအတွက် ပင်တဂွန်အနေနဲ့ အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်းကိုပါ ဝန်ခံပြောဆိုခဲ့ပါတယ်။ 

“လက်တွေ့မြေပြင်မှာ လိုအပ်နေတဲ့ ညီညွတ်တဲ့ စိတ်ဆန္ဒတွေ၊ နိုင်ငံရေးခေါင်းဆောင်မှုတွေနဲ့ စစ်ရေးခေါင်းဆောင်နိုင်စွမ်းတွေကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်၊ မြင်တွေ့ရမယ်လို့လည်း မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ဒီလို ဖြစ်မဖြစ်ဆိုတာကတော့ အာဖဂန်ရဲ့ လက်ထဲမှာပဲ တကယ် ရှိနေတာပါ”လို့ သူက ဆိုပါတယ်။ 

ကဘူးလ်မြို့တော်ဟာ တာလီဘန်တွေရဲ့ ‘ခြိမ်းခြောက်မှု လက်တစ်ကမ်း’မှာ ရှိနေတာမျိုးနဲ့ ရင်မဆိုင်ရသေးပေမယ့် တာလီဘန်တွေဟာ နိုင်ငံရဲ့ အခြားနေရာတွေမှာ တဟုန်ထိုး အောင်ပွဲဆင်နေပြီး နိုင်ငံရဲ့ မြို့တော်ကို ထီးတည်းဘဲ ရှိနေတော့အောင် အဆက်ဖြတ်ဖို့ ကြိုးစားနေပြီလို့ ဂျွန်ကားဘီက ပြောပါတယ်။ 

နိုင်ငံရဲ့ ဒုတိယနဲ့ တတိယအကြီးဆုံး မြို့တော်တွေကို လက်ရသိမ်းပိုက်ပြီးနောက် ကဘူးလ်မြို့တော်ဆီ တာလီဘန်တွေ ချည်းကပ်လာနေပြီ ဖြစ်တာကြောင့် သံတမန်တွေဟာ မြို့တော်ကနေ အလုအယက် ထွက်ခွာနေကြချိန်ပဲ ဖြစ်ပါတယ်။ 

“ကဘူးလ်မြို့တော်ဟာ ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှုအောက် ကျရောက်သွားမှာမျိုး ခုချိန်မှာတော့ မရှိသေးဘူး”လို့ ဂျွန်ကားဘီက ပြောပါတယ်။ 

“ဒါပေမဲ့ ရှင်းလင်းသေချာတာကတော့ အားလုံး သိနိုင်မှာပဲ ဖြစ်တဲ့ တာလီဘန်တွေ ဘာလုပ်ဆောင်နေသလဲဆိုတာကို ကြည့်မိဆိုရင် မြို့တော်ကို ပိတ်ဆို့အဆက်ဖြတ်ဖို့ လုပ်နေတာ တွေ့မြင်ရလိမ့်မယ်”ဆိုပြီး သူက ပြောပါတယ်။ 

“ကဘူးလ်မြို့တော်ကိုတော့ အခြားနေရာတွေမှာ သူတို့ တာလီဘန်တွေ စစ်ဆင်ရေး ဆောင်ရွက်ခဲ့သလို နည်းလမ်းမျိုးနဲ့တော့ ရလိမ့်ဖွယ် မရှိဘူး၊ အခြား ပြည်နယ်မြို့တော်တွေကို ဝိုင်းရံပိတ်ဆို့ပြီး သိမ်းပိုက်တာ၊ အချို့နေရာတွေမှာဆိုရင် လိုအပ်တဲ့ သွေးချင်းယှဉ် ရင်ဆိုင်တိုက်ပွဲဖြစ်တာ မရှိဘဲ လက်နက်ချခိုင်းနိုင်ခဲ့တာတွေတော့ ကဘူးလ်မြို့တော်မှာ ဖြစ်လာမှာ မဟုတ်ဘူး”လို့ ဂျွန်ကားဘီက ဆိုပါတယ်။ 

အမေရိကန်ဟာ နှစ် ၂၀ ကြာ စစ်ရေးပါဝင်ပတ်သက်မှုကနေ သူ့ တပ်တွေကို အများစု ရုပ်သိမ်းသွားပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ တာလီဘန်တွေဟာ အာဖဂန်ရဲ့ ဒုတိယနဲ့ တတိယအကြီးဆုံး မြို့တော်တွေဖြစ်တဲ့ ကန်ဒါဟာနဲ့ ဟာရတ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပါ။ 

အာဖဂန်မှာ ဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ စစ်ပွဲ အဆုံးသတ်တဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ဂျိုးဘိုင်ဒင်က ခိုင်ခိုင်မာမာ ရပ်တည်နေပေမယ့် သံရုံးဝန်ထမ်းတွေနဲ့ အာဖဂန်မဟာမိတ်တွေကို ကဘူးလ်ကနေ ကယ်ထုတ်ဖို့ တပ်အင်အား ၃၀၀၀ တပ်ဖြန့်ချထားဖို့အတွက် ခွင့်ပြုမိန့် ထုတ်ထားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly