တရုတ်တွင် ခြေဦးတည့်ရာ လျှောက်သွားနေသည့် ဆင်အုပ် ယခုအခါ မူလနေရပ်သို့ ပြန်လည်ဦးတည်နေ

တရုတ်တွင် ခြေဦးတည့်ရာ လျှောက်သွားနေသည့် ဆင်အုပ် ယခုအခါ မူလနေရပ်သို့ ပြန်လည်ဦးတည်နေ

တရုတ်နိုင်ငံတွင် ကာလရှည်ကြာစွာ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ကြသည့် ဆင်အုပ်တစ်အုပ်သည် ယခုအခါ မူလနေထိုင်ရာအရပ်ဆီသို့ ပြန်လည်ဦးတည်နေကြပုံ ပေါ်နေသည်ဟု သိရသည်။ အဆိုပါ ဆင်အုပ်သည် နိုင်ငံ အနောက်တောင်ပိုင်း မြို့ပြအရပ်ဆီ နှစ်ချီကြာ ခရီးကြမ်း သွားခဲ့မှု၊ စိုက်ခင်းများကို ဝင်မွှေခဲ့ပြီး ယုတ်စွအဆုံး အစားအစာအတွက် အငြိမ်းစားနေအိမ်တစ်လုံးကိုပင် ၀င်ရောက်ခဲ့မှုတို့ကြောင့် တရုတ်နိုင်ငံသားများကိုသာမက ကမ္ဘာတ၀န်းမှ လူများ၏ အာရုံကို ဆွဲဆောင်ထားခဲ့သည်။

အဆိုပါ ဆင်အုပ်ကို စောင့်ကြည့်ရန် ဒေသအာဏာပိုင်များသည် ထရပ်ကားများ ဖြန့်ကျက်ခြင်း၊ အလုပ်သမားများနှင့် ဒရုန်းများ အသုံးပြု စောင့်ကြည့်ခြင်းတို့ လုပ်ဆောင်ခဲ့သလို အဆိုပါဆင်များ ဘေးကင်းကင်းဖြင့် ဖြတ်သန်းသွားလာနိုင်ရန် လမ်းများကို ရှင်းလင်းခဲ့ရသလို လူနေထူထပ်သော ဧရိယာများ၏ အနီးအနားသို့ မရောက်နိုင်စေရေး လမ်းလွှဲရန် အစာများ အသုံးပြုခဲ့ရသည်။ ကျေးရွာတစ်ချို့ထဲ ၀င်‌ရောက်ခဲ့မှု၊ ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ နီးကပ်စွာ ချဥ်းကပ်ခဲ့မှုတို့ ရှိခဲ့သော်လည်း ယင်းဆင်အုပ်ကြောင့် လူ သို့မဟုတ် တိရစ္ဆာန် များ ထိခိုက်အနာတရ ဖြစ်ခဲ့ခြင်း မရှိပေ။

အရွယ်အစားစုံ၊ အသက်အပိုင်းအခြား မျိုးစုံ ပါ၀င်သည့် အာရှဆင် ၁၄ ကောင် ဆင်အုပ်စုကို သြဂုတ် ၈ ရက်ညပိုင်းက ယူနန်ပြည်နယ် ယွမ်ကျန်းမြစ်တစ်လျှောက် လမ်းကြောင်းလုပ်ပေးထားခဲ့ပြီး ထိုလမ်းကြောင်းသည် ရှီရွမ်ဘန်နာ ဒိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိ ၎င်းတို့ နေထိုင်ခဲ့ရာ သဘာ၀ဘေးမဲ့တောတစ်ခုဆီ ပြန်သွားနိုင်ရန် လမ်းပွင့်နေလိမ့်မည်ဟု သိရသည်။

အဆိုပါ ဆင်များသည် အကြောင်းရင်း မသိရဘဲ ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်က ထိုဘေးမဲ့တောကနေ ထွက်ခွာလာခဲ့ကြပြီး မြောက်ဘက်သို့ ကီလိုမီတာ ၅၀၀ (မိုင် ၃၀၀) ကျော်အထိ ခြေဦးတည့်ရာ သွားနေခဲ့ကြသည်။ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း အချက်အချာဖြစ်သည့် ကူမင်းမြို့အစွန်သို့ ရောက်ရှိခဲ့ပြီးနောက် ယင်းဆင်များသည် တောင်ဘက်သို့ တစ်ဖန် လှည့်ကာသွားခဲ့ကြပြီး ယခုထက်ထိတော့ ဘေးမဲ့တောနှင့် အတော်ပင် ဝေးကွာနေသေးသည်ဟု သိရသည်။

ဆင်အုပ်ကနေ သီးခြားကွဲသွားသည့် ဆင်အထီးတစ်ကောင်ကို မေ့ဆေးပေးပြီး ဘေးမဲ့တောသို့ ပြန်ပို့ထားပြီး ဖြစ်သည်။

အာရှ ဆင်များသည် တရုတ်တွင် ကြီးကြီးမားမား အကာအကွယ်ပေးထားသည့် တိရစ္ဆာန်များထဲတွင် ပါ၀င်ပြီး ယင်းတို့၏ ကောင်ရေပိုင်းသည် ၃၀၀ ၀န်းကျင်အထိ တိုးပွားထားခဲ့သည်။ သို့သော် စိုက်ပျိုးမြေများ ချဲ့ထွင်မှု၊ မြို့ပြဖွံ့ဖြိုးမှုတို့ကြောင့် အဆိုပါ ဆင်များ၏ တည်နေရာဘုံများ ကျဥ်းမြောင်းလျော့ကျထားခဲ့ရသည်။

သြဂုတ် ၈ ရက် ညပိုင်းအထိ အဆိုပါ တောဆင်အုပ်သည် ဘေးမဲ့တောကနေ ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) ခန့်အကွာရှိ ယွမ်ကျန်းကောင်တီတွင် ရှိနေဆဲဖြစ်သည်။

အဆိုပါ တိရစ္ဆာန်များသည် မြစ်ကို ဖြတ်ပြီးနောက် “သင့်တော်သည့် နေရာ”တစ်ခုတွင် ရှိနေကြောင်း အမျိုးသား သစ်တောလုပ်ငန်းနှင့် မြက်ခင်းပြင် စီမံခန့်ခွဲမှု အဖွဲ့က ပြောသည်။

အဆိုပါ ဆင်အုပ်၏ သွားလာခရီးပေါက်ရောက်မှုက သိသာထင်ရှားမှု ရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဆင်များကို ၎င်းတို့၏ မူလနေထိုင်ကျက်စားရာနေရာသို့ မကြာမီ ပြန်‌လည်ရောက်ရှိသွားစေနိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly