တရုတ်အစိုးရက တောင်တရုတ်ပင်လယ်တွင် တိုက်ခိုက်အနိုင်ရရေးအတွက် ကြိုးပမ်းမှုများကို အရှိန်မြှင့် လုပ်ဆောင်ရာတွင် လေယာဉ်တင် သင်္ဘောဖျက်ပဲ့ထိန်းဒုံးများကို စစ်ရေးလေ့ကျင့်မှုအတွင်း အသုံးပြုနိုင်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းသွားလာမှုကန့်သတ်နယ်မြေတစ်ခုကို သြဂုတ်လ ၁၂ရက်နှင့် ၁၃ရက်တွင် သတ်မှတ်သွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသည့် ပေကျင်းအခြေစိုက်သတင်းစာတစ်စောင်မှ ဖော်ပြခဲ့သည်။
ယင်းအထူးသီးသန့်ဇုန်သည် ဟိုင်နန်ကျွန်းတစ်ဝိုက်ရှိရေပိုင်နက်မှ ရှီရှားကျွန်းစုများအထိ ရှိမည်ဖြစ်သည်။
၂၀၂၁ခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ဒုံးတပ်ဖွဲ့နှင့် သင်္ဘောဖျက်ပဲ့ထိန်း ဒုံးကျည်များ တပ်ဖြန့်သွားနိုင်သည်။
PLA သည်စစ်တပ်၏ အရန်တပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးကို ပြုလုပ်ရန်ရည်ရွယ်ထားကြောင်း စစ်ရေးကျွမ်းကျင်သူတစ်ဦးက Global Times သို့ ပြောကြားခဲ့သည်။
“ ဒီလေ့ကျင့်ခန်းတွေက တရုတ်ရေပိုင်နက်အနီးမှာ လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီး PLA ရဲ့လက်တွေ့ တိုက်ခိုက်ရေး အခြေအနေတွေအောက်မှာ စစ်ပွဲတွေကို အောင်နိုင်ဖို့ ရည်ရွယ်လုပ်နေတာပါ” ဟု ဆုန်ကျုံးပင်းက ပြောကြား ခဲ့သည်။
“ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုလုပ်နေတာက အမဲလိုက်ရိုင်ဖယ်ကို အသင့်ပြင်ရင်း ဝံပုလွေတွေကို ပြန်တိုက်ခိုက်တာနဲ့ တူပါတယ်” ဟု သူက ဆက်ပြောသည်။
တရုတ်က ၂၀၂၀ပြည့်နှစ်က အလားတူလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး PLA က “ လေယာဉ်တင်သင်္ဘော တိုက်ဖျက် သူ” ဟုခေါ်သည့် လေယာဉ်တင် သင်္ဘောဖျက်ပဲ့ထိန်းဒုံးများကို တပ်ဖြန့်ချထားခဲ့သည်ဟုပင် ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများအတွင်း တောင်တရုတ်ပင်လယ်အတွင်းသို့ တရုတ်က တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် ၄ စင်းပစ်လွှတ်ခဲ့သည်ဟု အမေရိကန်သတင်းဌာနများက ဖော်ပြသည်။
သို့သော် တရုတ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းသည် ပုံမှန်လေ့ကျင့်ခန်းများဖြစ်ပြီး မည်သည့်နိုင်ငံကိုမှ ရည်ရွယ်ခြင်းမရှိကြောင်းပြောကြားခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အမေရိကန်ကလည်း ယင်းတို့၏ ကြည်းတပ်နှင့် ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။