ထောင်ဒဏ် ပြည့်သော်လည်း တိဘက်နိုင်ငံရေးအကျဉ်သား တရုတ်အကျဉ်းထောင်မှ လွတ်မြောက်မှု သတင်းမကြားရသေး

ထောင်ဒဏ် ပြည့်သော်လည်း တိဘက်နိုင်ငံရေးအကျဉ်သား တရုတ်အကျဉ်းထောင်မှ လွတ်မြောက်မှု သတင်းမကြားရသေး

ခွဲထွက်ရေးလှုပ်ရှားမှုစွဲချက်ဖြင့် တရုတ်အစိုးရက ထောင်ဒဏ်အနှစ် ၂၀ ကျော် ချမှတ် ခံခဲ့ရသည့် တိဘက်ကျောင်းဆရာတစ်ဦးသည် ပြီးခဲ့သည့် သီတင်းပတ်က ပြစ်ဒဏ်ကာလပြည့်သွားပြီဖြစ်သော်လည်း လွတ်မြောက်မှု သတင်းမကြားရသေးသဖြင့် သူ၏လုံခြုံရေးနှင့် ကျန်းမာရေးအတွက် စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်း တိဘက် လူ့အခွင့်အရေးအုပ်စုက သြဂုတ်လ ၁ရက်တွင် ပြောကြားလိုက်သည်။

ဂျစ်မဲတင်ဇင်နီမာဟု လူသိများသောတိဘက်ဘာသာရေးဆရာ ဘန်ရီရင်ပိုချီသည် ၂၀ဝ၀ပြည့်နှစ် စက်တင်ဘာ ၂၆ရက်က ရုံးတင်စစ်ဆေးမှုတွင် ထောင်ဒဏ်တစ်သက်ချမှတ်ခံခဲ့ရပြီးနောက် ၂၀ဝ၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ထောင်ဒဏ် ၁၉ နှစ်သို့ ပြောင်းလဲခဲ့သည်ဟု အိန္ဒိယအခြေစိုက် တိဘက်လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးရာအဖွဲ့(TCHRD)ဒါရမ်ဆလာက သြဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင်လ ၃၁ရက်တွင် သက်တမ်းပြည့်ပြီးဖြစ်သော်လည်း လွတ်မြောက်မှု သတင်းမကြားရသေးကြောင်း TCHRD မှ သုတေသီ တန်ဇင် ဒါဝါက သြဂုတ်လ ၂ရက်တွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့အားလုံး သိပါတယ် ဘန်ရီရင်ပိုချီက သူ့ဘဝရဲ့ ၂၂ နှစ်ကာလကို ထောင်ထဲမှာနေခဲ့ရတာပါ။ သူထောင်ကျသက်တမ်းပြည့်သွားပြီဖြစ်ပေမယ့် သူပြန်လွတ်လာပြီလား၊ မလွတ်လာသေးဘူးလားဆိုတာ မသိရသေးပါဘူး။ သူ့လက်ရှိကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့လဲ ဘာမှမသိပါဘူး" တန်ဇင် ဒါဝါက ပြောကြားခဲ့သည်။

"သူကို ပြန်လွှတ်ပေးလိုက်တာကို ဘာမှမကြားရတဲ့အတွက် ကျွန်တော်တို့ အရမ်းစိတ်ပူပါတယ်" ဟု တန်ဇင် ဒါဝါက ဆိုပြီး တိဘက်အကျဉ်းသားများကို တရုတ်အကျဉ်းထောင်များတွင် လူမဆန်စွာ ဆက်ဆံကြောင်း လူသိများသည်ဟု သူက ထပ်လောင်းဆိုသည်။

“ တရုတ်အစိုးရက သူရဲ့အခြေအနေ၊ ဘယ်မှာလဲ၊ နေကောင်းလားဆိုတာကို ချက်ချင်းရှင်းပြသင့်ပါတယ်” ဟု သူက ဆိုသည်။

တိဘက်မြို့တော် လာဆာရှိ မိဘမဲ့ဂေဟာတစ်ခုနှင့် ကျောင်းတစ်ကျောင်း၏ မန်နေဂျာဖြစ်သော ဘန်ရီရင်ပိုချီသည် တိဘက်စကား၊ တရုတ်စကား၊ အင်္ဂလိပ်စကားနှင့် သင်္ချာဘာသာရပ်တို့ကို သင်ကြားပေးပြီး ဘန်ရီရင်ပိုချီနှင့် ဇနီးဖြစ်သူ နီမာချိုဒရုန်တို့သည် ၁၉၉၉ ခုနှစ် သြဂုတ်လက မြို့တော်ရှိ အထင်ကရရင်ပြင်တွင်

တားမြစ်ထားသော တိဘက်အမျိုးသားအလံကို လွှင့်ထူပြီး အသေခံဗုံးခွဲရန်အတွက် အလုပ်သမားတစ်ဦးနှင့် ဆက်သွယ်ကြံစည်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ကျောင်းတွင် ဖမ်းဆီးခံခဲ့ရသည်။

နီမာချိုဒရုန်၏ ထောင်ဒဏ် ၁၀ နှစ်သည် နောက်ပိုင်းတွင် လျှော့သွားပြီး သူမအား ၂၀ဝ၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လွှတ်ပေးခဲ့သည်ဟု TCHRD က ဆိုသည်။

သူတို့အား ဖမ်းဆီးပြီးနောက် မိဘမဲ့ဂေဟာကိုလည်း ချက်ချင်းပိတ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly