အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်မှုကို အီးယူနှင့် အမေရိကန်တို့က ကြိုဆို

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်မှုကို အီးယူနှင့် အမေရိကန်တို့က ကြိုဆို

မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး အာရီယန်ယူဆွတ်ဖ် (Erywan Yusof) အား အာဆီယံအဖွဲ့ကြီးက ခန့်အပ်ခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်ပြည်ထောင်စုတို့က ကြိုဆိုကြောင်း အသီးသီးထုတ်ပြန်လိုက်သည်။

“စစ်တပ်အနေဖြင့် အာဆီယံ သဘောတူညီချက်ငါးရပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များအပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆောင်ရွက်စေရန်အတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို မိမိတို့တိုက်တွန်းပါသည်"ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဩဂုတ် ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂကလည်း ဩဂုတ်လ ၄ရက်က ထုတ်ပြန်ချက်တွင် အလားတူ တိုက်တွန်းထားသည်။

ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မြဲစွာ ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းရေးတွင် အာဆီယံအထူးသံတမန်အား ကူညီရန် အခြားအာဆီယံ မိတ်ဖက်နိုင်ငံများနှင့်အတူ အသင့်ရှိပါသည်ဟု အီးယူက ဆိုသည်။

သည့်အပြင် ပါဝင်သူအားလုံးအနေဖြင့် ပြည်သူ့ဆန္ဒကို လေးစားလိုက်နာပြီး အထူးသံတမန်၏ ဆောင်ရွက်ချက်များကို အပြည့်အဝ ပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။

အချက် ၅ ချက်ပါ အာဆီယံသဘောတူညီချက်ပါ အခြားကတိကဝတ်ပြုချက်များအရ လက်ရှိအကြပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  တိုင်းရင်းသားအဖွဲ့အစည်းများနှင့်  ဒီမိုကရေစီအင်အားစုများအပါအဝင် သက်ဆိုင်သူကာယကံရှင်အားလုံးကို အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးပွဲကျင်းပရန်လည်း ဆိုထားသည်။

မြန်မာပြည်သူများ လက်ရှိလိုအပ်နေသည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများနှင့် Covid-19 ဆိုင်ရာ အကူအညီများကို ဒုက္ခသည်များ၊ ပြည်တွင်းအိုးအိမ်စွန့်ခွာရွှေ့ပြောင်းနေရသူများနှင့် လိုအပ်နေသူအားလုံးတို့ထံ အမြန်ဆုံးနဲ့ အတားအဆီးမရှိ ရောက်ရှိဖို့ စစ်တပ်က အာမခံရမည်ဟု အီးယူ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required