ကိုရိုနာကပ်ဘေး ဗဟိုချက် ဝူဟန်၌ ဗိုင်းရပ်စ် ပြန်ထွက်ပေါ်လာ၍ မြို့နေအားလုံးအား စမ်းသပ်စစ်ဆေးသွားမည် 

ကိုရိုနာကပ်ဘေး ဗဟိုချက် ဝူဟန်၌ ဗိုင်းရပ်စ် ပြန်ထွက်ပေါ်လာ၍ မြို့နေအားလုံးအား စမ်းသပ်စစ်ဆေးသွားမည် 

ဩဂုတ် ၃

ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်ဖြစ်သော တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် တစ်နှစ်ကျော်အတွင်း ပထမဆုံး ပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်ဖြစ်ပွားရာ မြို့လူထုတစ်ရပ်လုံးအား ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောသည်။ 

လူဦးရေ ၁၁ သန်းရှိသော ဝူဟန်မြို့တွင် မြို့ခံအားလုံးကို ပြည့်စုံကျယ်ပြန်သော nucleic acid စမ်းသပ်မှု အလျင်အမြန် စတင်ဆောင်ရွက်ပြီဟု အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတွင် ဝူဟန်မြို့ အကြီးတန်းတာဝန်ရှိသူ လီတောက်က ပြောသည်။ 

မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများကြား ပြည်တွင်းကူးစက်မှုဖြစ်သူ ခုနစ်ဦး တွေ့ရှိကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာ၍ ၂၀၂၀ အစောပိုင်း ကနဦး ကူးစက်မှုဖြစ်ချိန်၌ မကြုံစဖူး လော့ဒေါင်းချပြီး တိုက်ထုတ်နိုင်ခဲ့ပြီးနောက် တစ်နှစ်ကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့မှုမှာ ကျိုးပေါက်သွားခဲ့ခြင်းပင် ဖြစ်တော့သည်။ 

နိုင်ငံအနေဖြင့် လများစွာအတွင်း အများဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ရန် မြို့များအားလုံးက ဒေသခံများအား အိမ်မှာပင် နေရန် အမိန့်ထုတ်ထားကာ ပြည်တွင်သွားလာရေး လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားပြီး မကြာသေးသော ရက်များအတွင်း အမြောက်အမြား စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်သည်။ 

နန်းကျင်းမြို့တွင် လေဆိပ်သန့်ရှင်းရေးများကြား ကူးစက်မှုဖြစ်ရာမှ ပြန့်နှံ့သွားခဲ့ပြီး နိုင်ငံတစ်ဝန်း ကူးစက်မှုများ ဖြစ်လာခဲ့ပြီးနောက် ကူးစက်မြန် Delta မျိုးကွဲသည် မြို့ဒါဇင်များစွာသို့ ရောက်ရှိပြန့်နှံ့ကာ ကူးစက်ဖြစ်ပွားနေ၍ ပြည်တွင်းကူးစက်မှု ၆၁ ဦးရှိသည်ဟု အင်္ဂါနေ့တွင် သတင်းထုတ်ပြန်သည်။ 

ပေကျင်းအပါအဝင် မြို့ကြီးများတွင် လက်ရှိ၌ မြို့နေ သန်းပေါင်းများစွာကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေပြီး လူနေဝင်းခြံများကိုလည်း ကွာရန်တင်း ချထားသည်။ 

နန်ကျင်းမြို့အနီး အရှေ့ပိုင်း ယန်ကျို့မြို့သည် ပြီးခဲ့သည့် ရက်၌ ကူးစက်မှုသစ် အယောက် ၄၀ စမ်းသပ်တွေ့ရှိမှုကြောင့်  ဒေသခံများအား အိမ်မှာပဲ နေရန် ဌာနေအစိုးရက အမိန့်ထုတ်ရသည့် နောက်ဆုံးမြို့ဖြစ်လာသည်။ 

ယန်ကျို့မြို့ အချက်အခြာက မြို့နေ ၁ ဒသမ ၃ သန်းကျော်မှာ လက်ရှိ၌ အိမ်မှ အပြင်မထွက် နေကြရပြီး အိမ်ထောင်တစ်စုလျှင် လိုအပ်ပစ္စည်းများ ဝယ်ယူရန် တစ်ရက်လျှင် တစ်ဦးသာ အပြင်ထွက်ခွင့်ပြုထားကြောင်း မြို့အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့တွင် ပြောသည်။ 

အနီးက ကျူကျို့မြို့တွင်လည်း လူနှစ်သန်းကျော်အား အိမ်ပြင်မထွက်ရ အမိန့် ပြီးခဲ့သည့် ရက်ပိုင်း၌ အလားတူ ထုတ်ထားသကဲ့သို့ ဟူနန်ပြည်နယ်ရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာ ကျန်ကျားကျဲ့အရပ်တွင်လည်း ယင်းအတိုင်း ကြေညာချက် ထုတ်ခဲ့သည်။ 

နန်ကျင်းလေဆိပ်တွင် ကူးစက်ခံထားရသူများက ကျန်ကျားကျဲ့ရှိ လူစုလူဝေးများရာ ပြဇာတ်များသို့ သွားရောက်ကြည့်ရှုကြပြီးနောက် ပြီးခဲ့သည့်လတွင် နန်ကျင်းမှ ဟူနန်ပြည်နယ်သို့ ကူးစက်ပြန့်နှံ့မှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly